Asia
အိန္ဒိယနိုင်ငံရှိ တူးမြောင်းတစ်ခုအတွင်းသို့ ကားပြုတ်ကျ၊ ကလေးငယ် ၇ ဦးပျောက်ဆုံး
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်က လူ ၂၉ ဦးတင်ဆောင်လာသော မော်တော်ယာဉ်တစ်စင်း တူးမြောင်းအတွင်းသို့ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး ကလေး ၇ ဦးပျောက်ဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏အဆိုအရ တူးမြောင်းအတွင်းမှ လူ ၂၂ ဦးကယ်ဆယ်ခဲ့ပြီး ပျောက်ဆုံးနေသူများအား ရှာဖွေမှု လုပ်ဆောင်နေကြောင်း သိရသည်။
“ကားပေါ်ပါသွားတဲ့ခရီးသည်တွေက မင်္ဂလာဆောင်တစ်ခုမှပြန်လာခဲ့တာဖြစ်ပြီး ယာဉ်မောင်းက ယာဉ်ကိုမထိန်းနိုင်တော့ဘဲ အင်ဒီရာတူးမြောင်းထဲပြုတ်ကျသွားတာပါ” ဟု အဆင့်မြင့် ရဲအရာရှိတစ်ဦးက ပြောသည်။
ကယ်ဆယ်နိုင်ခဲ့သည့် လူ ၂၂ ဦးတွင် အများစုမှာ အရွယ်ရောက်ပြီးသူများဖြစ်ပြီး ရရှိသည့်အချက်အလက်အရ အသက် ၄ နှစ်မှ ၉ နှစ်ကြားကလေးများမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ဆက်ပြောသည်။
“ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အမျိုးသား သဘာဝဘေးတုန့်ပြန်ရေးတပ်ဖွဲ့ (NDRF) ကို စေလွှတ်ထားပြီးတော့ ရေငုပ်သမားတွေလည်း တူးမြောင်းထဲမှာ ရှာဖွေနေပါတယ်” ဟု ရဲအရာရှိက ပြောသည်။
တူးမြောင်းအတွင်း ရေစီးသန်သဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်မှုများအား နှောင့်နှေးစေကြောင်း ကယ်ဆယ်ရေးသမားများက ဆိုသည်။
“ဒီလိုဖြစ်နေတာ နာရီများစွာကြာနေပြီ။ ဒါပေမဲ့ ကလေးတွေရဲ့ သဲလွန်စကိုတော့ မတွေ့ရသေးဘူး။ ကလေးတွေ ရေစီးနဲ့မြောပါသွားခဲ့ရင် တွေ့နိုင်အောင်လို့ တူးမြောင်းထဲမှာပိုက်ကွန်တွေ တပ်ဆင်ထားဖို့ ရေစုန်ဘက်မှာရှိတဲ့ခရိုင်တွေကို ညွှန်ကြားထားတယ်” ဟု ရဲအရာရှိက ပြောသည်။ (Xinhua)