Asia
အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင် လေအေးပေးစက် စက်ရုံ မီးလောင်ကျွမ်း၊ လူ ၆ ဦး သေဆုံး
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း Hyderabad မြို့ရှိ လေအေးပေးစက် (Air-cooler) စက်ရုံ တစ်ရုံတွင် ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက်အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောသည်။
“မီးက ဒေသစံတော်ချိန် နံနက် ၅း၀၀ နာရီလောက်က အလုပ်သမားတွေ အိပ်နေတဲ့အချိန်မှာ လောင်ကျွမ်းခဲ့တာပါ၊ သူတို့အားလုံး ဘာဖြစ်မှန်းတောင် မသိလိုက်ခင်မှာဘဲ မီးလောင်ကျွမ်းပြီး သေဆုံးသွားခဲ့တယ်” ဟု အထက်ပါ ရဲအရာရှိက ပြောကြားခဲ့သည်။
သေဆုံးသွားသူ အားလုံးက အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အိုဒစ်ရှာပြည်နယ် အနီးဝန်းကျင်မှ ဖြစ်ကြောင်း၊ ဒေသခံ ရုပ်မြင်သံကြားလိုင်များမှ ရိုက်ကူး ပြသမှုအရ မီးသတ်ကား ခြောက်စီးဖြင့် စက်ရုံအား ဝိုင်းရံကာ မီးငြှိမ်းသတ်ခဲ့ကြပြီး မီးထိန်းနိုင်ရန် သုံးနာရီခန့် ကြာခဲ့ကြောင်း သိရသည်။
ကနဦး စစ်ဆေး တွေ့ရှိချက်အရ လေအေးပေးစက်အတွင်းပိုင်းရှိ Short-circuit လောင်ကျွမ်းခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေစဉ် အခန်း တံခါးကို အတွင်းမှ ပိတ်ထားသဖြင့် ထွက်ပြေးရာတွင် ကြန့်ကြာနေခဲ့ရခြင်း ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။
အဆိုပါ လေအေးပေးစက် စက်ရုံ ပိုင်ရှင်အား ဖမ်းဆီးခဲ့ပြီး မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းလျက်ရှိကြောင်း သိရသည်။ (Xinhua)