Asia
အိန္ဒိယနိုင်ငံ မြောက်ပိုင်းရှိ တိရစ္ဆာန်ရုံအတွင်းသို့ ပြုတ်ကျခဲ့သူတစ်ဦး ခြင်္သေ့ကုတ်ဖဲ့ခံရ၍ သေဆုံး
နယူးဒေလီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်ရှိ တိရစ္ဆာန်ရုံအတွင်း ခြင်္သေ့ကိုက်ဖဲ့ခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၂၁ ရက်က ပြောကြားလိုက်သည်။
အဆိုပါ မတော်တဆမှုသည် ပန်ဂျပ်ပြည်နယ်မြို့တော် ချန်ဒီဂါရ်မှ အနောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ ချဟတ်ဘာ တိရစ္ဆာန်ရုံအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့ (ဇန်နဝါရီလ ၂၀ ရက်) နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ပေ ၃၀ ခန့်မြင့်တဲ့ အုတ်နံရံကို ကျော်တက်ကာ ဆာဖာရီဥယျာဉ်ထဲက ခြင်္သေ့တွေထားတဲ့နေရာမှာ ခုန်ချခဲ့တယ်။ သူ့ကို ခြင်္သေ့တွေက ကိုက်ဖျက်ခဲ့ကြတယ်” ဟု ချဟတ်ဘာတိရစ္ဆာန်ရုံ၏ Field ဒါရိုက်တာ အမ် ဆွတ်ဒါဂတ်ဘ် (M Sudhagarb) က ပြောကြားခဲ့သည်။
အဆိုပါ အမျိုးသား၏ အော်သံက တိရစ္ဆာန်ရုံဝန်ထမ်းအား တပ်လှန့်လိုက်ပြီး ၎င်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း တိရစ္ဆာန်ရုံတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
“ကယ်ဆယ်ရေးအဖွဲ့များက အဲဒီနေရာကို ချက်ချင်းရောက်ရှိသွားပြီး သူ့ကိုချက်ချင်းဆေးရုံတင်ခဲ့ပေမဲ့ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် အဲဒီမှာပဲ သေဆုံးသွားခဲ့တယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။
သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပေ။ ၎င်းအား ကိုက်ဖျက်ခဲ့သည့် ခြင်္သေ့မှာ မျိုးတုန်းပျောက်ကွယ်လုနီးပါး အာရှခြင်္သေ့မျိုးစိတ်ဝင် ခြင်္သေ့တစ်ကောင်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ဖြစ်ရပ်ဖြစ်ပွားပြီးနောက် တိရစ္ဆာန်ရုံအား ပိတ်ထားခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ချန်ဒီဂါရ်မြို့ ဒဲရာဘတ်စီရှိ ပြည်သူ့ဆေးရုံ၌ ထိန်းသိမ်းထားပြီး အလောင်းပိုင်ရှင်အား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။
“သေဆုံးသူရဲ့ မိသားစုဝင်များ သိရှိနိုင်ဖို့ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ အရပ်အမြင့်နဲ့ ဓာတ်ပုံကို ရဲတပ်ဖွဲ့က ကြေညာထားပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)