Asia
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ရထား တိုက်မှုကြောင့် လူ ၅ ဦး သေဆုံး
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ်တွင် ရထား တစ်စင်း တိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရထားရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
အဆိုပါ မတော်တဆမှုသည် ယင်းပြည်နယ်၏ Hapur ခရိုင်၌ Philkhuwa မြို့တွင် ဖေဖော်ဝါရီလ ၂၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“သေဆုံးသူ ၅ ဦးရှိခဲ့ပါတယ်။ ကုန်တင်ရထား လာတဲ့အချိန် အဲဒီလူတွေက ရထားလမ်းပေါ်မှာရှိနေခဲ့တယ်။ ရထားနဲ့ လွတ်အောင်လို့ တစ်ဖက် ရထားလမ်းကို ဖြတ်ကူးလိုက်တဲ့အခါ တစ်ဖက်က လာတဲ့ ရထားနဲ့ တိုက်မိသွားခဲ့ကြတာဖြစ်ပါတယ်” ဟု ရထားရဲချုပ် S.C. Dubey က မီဒီယာသို့ ပြောထားခဲ့သည်။
ဒဏ်ရာရသူများအား ဒေသခံ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အခင်းဖြစ်ပွားရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရထား ကွန်ရက်များအနက် တစ်ခု အပါအဝင်ဖြစ်ပြီး ခရီးသည်တင် ရထားအစီး ၉၀၀၀၀ ဖြင့် လည်ပတ်နေကြောင်းနှင့် နေ့စဉ် ခရီးသည် ၂၃ သန်း နီးပါးအား ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)