Asia
အိန္ဒိယ တက္ကသိုလ်တစ်ခုတွင် ပေါက်ကွဲမှုကြောင့် သိပ္ပံပညာရှင်တစ်ဦးသေဆုံး၊ လူ ၃ဦး ဒဏ်ရာရရှိ

နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း Karnataka ပြည်နယ် Bengaluru မြို့ ရှိ Indian Institute of Science (IISc) အတွင်း ဒီဇင်ဘာ ၅ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သိပ္ပံပညာရှင်တစ်ဦးသေဆုံးပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
တက္ကသိုလ်အတွင်းရှိ ဓါတ်ခွဲခန်း၌ ဟိုက်ဒြိုဂျင်ဓါတ်ငွေ့အိုးတစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၅ ရက် နေ့လည်ပိုင်းတွင် IISc အတွင်းရှိ လေကြောင်းအာကာသဆိုင်ရာ ဓါတ်ခွဲခန်းအတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုကြောင့် လူ ၄ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် သုတေသီ Manoj Kumar သေဆုံးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၃ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။
တက္ကသိုလ်တာဝန်ရှိသူများ၏ပြောကြားချက်အရ ပေါက်ကွဲမှု၏ ပြင်းအားကြောင့် သုတေသီ ၄ဦး သည် အဝေးသို့ လွင့်စင်သွားပြီး ၎င်းတို့အနက် တစ်ဦးမှာ ပေ ၂၀ခန့်အထိ လွင့်စင်သွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
IISc တက္ကသိုလ်အား ၁၉၀၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သိပ္ပံ၊ အင်ဂျင်နီယာ၊ ဒီဇိုင်း နှင့် စီမံခန့်ခွဲမှု ပညာရပ်များအား သုတေသနပြုလုပ်ရန် နှင့် အဆင့်မြင့်ပညာရေးအတွက်ဖွင့်လှစ်ထားသည့် အများပြည်သူဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)