Asia
အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ အန္တရာယ် ရှိသော လေထုညစ်ညမ်းမှုကြောင့် စာသင်ကျောင်းများ ပိတ်ထား
နယူးဒေလီ ၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)
အိန္ဒိယ နိုင်ငံ ဒေလီမြို့၌ အလွန်အမင်း လေထု ညစ်ညမ်းမှု ဖြစ်ပွားပြီးနောက် စာသင်ကျောင်းများအား နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက် အထိ ပိတ်ထားမည် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု(ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်မှု) အာဏာပိုင် (EPCA) အဖွဲ့က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။
ကလေးသူငယ်များအတွက် လေထု ညစ်ညမ်းမှုကြောင့် အန္တရာယ်ရှိခြင်းကို အလေးအနက် ထားလျက် အိန္ဒိယ နိုင်ငံ၏ အမြင့်ဆုံး တရားရုံး ဖြစ်သည့် တရားရုံးချုပ်က တာဝန်ပေးထားသည့် EPCA က လက်ရှိ ရာသီဉတု အခြေအနေမှာ လေထု ညစ်ညမ်းစေသော ပစ္စည်းများ ပျံ့နှံ့နေပြီး လာမည့် နှစ်ရက် အတွင်း ပျက်ပြယ်နိုင်ချေ မရှိသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
EPCA ဉက္ကဋ္ဌ Bhure Lal က ဒေလီ မြို့တော် အစိုးရ အုပ်ချုပ်ရေး ထံသို့ ရေးသား ပေးပို့သော စာတစ်စောင်တွင် သက်ဆိုင်ရာ အာဏာပိုင်များက ဒေသတွင်း လေထု ညစ်ညမ်းမှု အကြောင်းရင်းများကို ထိန်းချုပ်ရန် အေဂျင်စီ များမှ တဆင့် အားလုံး၏ အားထုတ်မှုဖြင့် ဆက်လက် လုပ်ဆောင်သွားကြမည် ဖြစ်သောကြောင့် အခြေအနေကို တက်နိုင်သမျှ လျော့ချနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
EPCA အဖွဲ့က နိုင်လွန်ကတ္တရာ ရောမွှေရန် အသုံးပြုသည့် စက်များနှင့် ကျောက်ခွဲစက်များ အားလုံးကိုလည်း နိုဝင်ဘာ ၁၅ ရက် အထိ ပိတ်ထားခဲ့ပြီး ထို့အပြင် အနီးရှိ ဖာရီဒီဘတ် ၊ ဂူရုဂရမ် ၊ ဂါဇီဘတ် ၊ နိုရီဒါ ၊ ဂရိတ်ဒါး နိုရီဒါ ၊ ဆိုနီပတ် ၊ ပန်နီပတ် ၊ ဗဟာဒါဂါ နှင့် ဘီဝါဒီမြို့များ၌ ကျောက်မီးသွေး နှင့် အခြား လောင်စာ အခြေခံ စက်မှု လုပ်ငန်းများအား နိုဝင်ဘာ ၁၅ ရက် အထိ ပိတ်ထားကြောင်း သိရသည်။(Xinhua)