Asia
အိန္ဒိယ လေယာဉ်ပေါ်တွင် မွေးဖွားခဲ့သည့် ကလေးအတွက် တစ်သက်တာ လေယာဉ် အခမဲ့ စီးနင်းခွင့် ပေးအပ်
နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုက ဆော်ဒီအာရေဗျမှ အိန္ဒိယသို့ ပျံသန်းနေသည့် ၎င်းတို့၏ နိုငိငံတကာ လေကြောင်းခရီးစဉ် တစ်ခုပေါ်တွင် မွေးဖွားခဲ့သည့် ကလေး တစ်ဦးအတွက် တစ်သက်တာ လေယာဉ်လက်မှတ် အခမဲ့ ပေးအပ်လိုက်ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက်က ဆော်ဒီနိုင်ငံ ဒမ်မမ်မြို့မှ အိန္ဒိယနိုင်ငံ တောင်ပိုင်း ကိုချီမြို့သို့ ပျံသန်းနေသည့် Jet Airway လေကြောင်းလိုင်းမှ လေယာဉ်မှာ အာရေဘီယံပင်လယ်ပြင် အထက် ပေပေါင်း ၃၅,၀၀၀ ၌ ရောက်ရှိနေစဉ် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ကိုယ်ဝန်သည် တစ်ဦးမှာ အချိန်မတိုင်မီ ရုတ်တရက် ဗိုက်နာလာပြီး သားယောကျ်ား တစ်ဦး မွေးဖွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်ကို လေယာဉ်ဝန်ထမ်းများနှင့်အတူ ကယ်ရာလာမြို့သို့ သွားရောက်မည့် ခရီးသည် အိန္ဒိယ သူနာပြု တစ်ဦးတို့က မွေးဖွားပေးခဲ့ခြင်း ဖြစ်သည်။
မိခင်နှင့် သားငယ်လေးအား ဆေးရုံသို့ ပို့ဆောင်ရန်အတွက် လေယာဉ်မှာ ကိုချီအစား မွမ်ဘိုင်းသို့ လေယာဉ်ကွင်း ပြောင်းရွှေ့ ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။
“အသက် ကယ်တင်ရေး လေ့ကျင့်မှုကို အောင်မြင်စွာ ချက်ချင်း တုံ့ပြန် အသုံးချနိုင်ခဲ့တဲ့အတွက် လေယာဉ် ဝန်ထမ်းတွေကို Jet Airway လေကြောင်းလိုင်းက ချီးကျူးဂုဏ်ပြုလိုက်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် လေကြောင်းလိုင်းက ပြောကြားခဲ့သည်။
ယခုလို လေယာဉ်ပေါ်တွင် ကလေး မွေးဖွားမှုမှာ ၎င်းတို့ လေကြောင်းလိုင်းအတွက် ပထမဆုံး အကြိမ် ဖြစ်ကြောင်း၊ ထို ကလေးငယ်မှာ မည်သည့် ခရီးစဉ် ဖြစ်စေ ဘဝ တစ်သက်တာ အခမဲ့ စီးနင်းခွင့် ရရှိမည် ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောသည်။
အခြား လေကြောင်းလိုင်းများမှာလည်း အလားတူ အခြေအနေများ ကြုံတွေ့ခဲ့ဖူးကြောင်း၊ ပြီးခဲ့သည့် ဧပြီလက တူရကီ လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးမှာ ပေပေါင်း ၄၂၀၀၀ (၁၂၈၀၀ မီတာ) ၌ ပျံသန်းနေစဉ် အမျိုးသမီး တစ်ဦးမှာ သမီးငယ်လေး တစ်ဦးကို မွေးဖွားခဲ့ကြောင်း သိရသည်။ (Xinhua)