Asia
အိန္ဒိယ သည် ဂြိုလ်တု အလုံး ၂၀ လွှတ်တင်ခြင်း ၄၈ နာရီ အကြိုရေတွက်မှု စတင်
နယူးဒေလီ၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Sriharikota ကျွန်းပေါ်ရှိ ဂြိုလ်တု လွှတ်တင်ရေး စခန်းမှ ဇွန်လ ၂၂ ရက်တွင် ဂြိုလ်တု အလုံး ၂၀ လွှတ်တင်ခြင်း ပြုလုပ်မည် ဖြစ်ရာ မလွှတ်တင်ခင် ၄၈ နာရီ အကြို ရေတွက်မှုကို ဇွန်လ ၂၀ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
၄၈ နာရီ အကြို ရေတွက်မှုအား ဇွန်လ ၂၀ ရက် ဒေသ စံတော်ချိန် ၉း၂၆ နာရီတွင် စတင်ခဲ့ပြီး ဇွန်လ ၂၂ ရက် နံနက်ပိုင်းတွင် ဂြိုလ်တုများကို လွှတ်တင်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင် အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်း၏ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဂြိုလ်တု အလုံး ၂၀ အား ပြည်တွင်းဖြစ် ပိုလာ ဂြိုလ်တု လွှတ်တင်ရေး ယာဉ် (PSLV-C34) ဖြင့် လွှတ်တင်သွားမည် ဖြစ်ကာ ယင်းဂြိုလ်တုများ အနက် အိန္ဒိယနိုင်ငံ၏ ကမ္ဘာဂြိုလ် လေ့လာရေး အာကာသယာဉ် Cartosat-2 လည်း ပါဝင်ကြောင်း သိရသည်။
PSLV-C34 သည် အိန္ဒိယ တက္ကသိုလ်များမှ ဂြိုလ်တု နှစ်လုံးနှင့် အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အပါအဝင် အခြားနိုင်ငံများမှ ဂြိုလ်တုများကိုလည်း သယ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ များပြားလှသည့် ဂြိုလ်တုများအား လွှတ်တင်ခြင်းသည် အိန္ဒိယ အာကာသ အေဂျင်စီ သမိုင်းတွင် ပထမဆုံး ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် ဂြိုလ်တု ၁၀ လုံးအား အေဂျင်စီက ဂြိုလ်ပတ်လမ်းကြောင်း အတွင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။
အမေရိကန် အာကာသ အေဂျင်စီ နာဆာ က ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မှု တစ်ခုတည်းဖြင့် ဂြိုလ်တု ၂၉ လုံးအား ဂြိုလ်ပတ်လမ်းကြောင်း အတွင်းသို့ မှတ်တမ်းတင် လွှတ်တင်ခဲ့ကြောင်း သိရသည်။ (Xinhua)