Asia
တူရကီ လွှတ်တော်ဥက္ကဋ္ဌအသစ်အဖြစ် Mustafa Sentopကို ရွေးကောက်တင်မြှောက်

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တူရကီလွှတ်တော်သည် လာမည့် ဒေသဆိုင်ရာရွေးကောက်ပွဲတွင် မြို့တော်ဝန်လောင်းအဖြစ်ရွေး ချယ်ခံထားရသည့် Binali Yildirimနေရာတွင် အာဏာရပါတီ AKP မှ ဥပဒေပြုအမတ် Mustafa Sentop အားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
လွှတ်တော် ၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ ဥက္ကဋ္ဌအသစ်ဖြစ်သူ Sentop သည် အနောက်မြောက်ပိုင်းရှိ Tekirdag ပြည်နယ်မှ အမတ်တစ်ဦးဖြစ်ကြောင်း၊ အမတ်နေရာ ၆၀၀ရှိရာ တူရကီအမျိုးသားလွှတ်တော်က တတိယအချီမဲပေးသည့်အချိန်တွင် ထောက်ခံမဲပေါင်း ၃၃၆ မဲရရှိခဲ့ကြောင်း သိရသည်။
တတိယအချီမဲပေးသည့် အချိန်တွင် ရွေးကောက်ပွဲတွင် အနိုင်ရဖို့ အတွက် အနည်းဆုံး ထောက်ခံမဲ ၃၀၁ မဲရရှိရန်လိုအပ်ကြောင်း သိရသည်။ ပြိုင်ဘက်ပါတီဖြစ်သည့် Nationalist Movement Party (MHP) မှ လည်း ရွေးကောက်ပွဲတွင် Sentop အားထောက်ခံခဲ့သည်။
ရွေးကောက်ပွဲအပြီးတွင် ဥပဒေပြုအမတ်များအားဥက္ကဋ္ဌသစ်ဖြစ်သူ Sentop ကစကားပြောသည့် အခါ “အခုရွေးကောက်ပွဲမှာ ပါဝင်ခဲ့အတဲ့ အမတ်များအားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့တာဝန်တွေကို ဘက်မလိုက်ပဲမျှမျှတတ ဆောင်ရွက်သွားပါ့မယ်’’ ဟုပြောကြားခဲ့သည်။
ဥက္ကဋ္ဌသစ်ဖြစ်သူ Sentop သည် အသက် ၅၁ နှစ်ရှိပြီဖြစ်ပြီး ဥပဒေအထူးပြုဒေါက်တာဘွဲ့ ရရှိထားသူဖြစ်ပြီး၊၂၀၁၈ခုနှစ်၊ ဇွန်လ ၂၄ ရက် အထွေထွေးရွေးကောက်ပွဲပြီးကတည်းက လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။
တူရကီနိုင်ငံတွင် မြို့တော်စည်ပင်သာယာရေး နှင့်ဆိုင်သည့် ရွေးကောက်ပွဲများကို မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။(Xinhua)