Asia
ဂျပန်နိုင်ငံ အခြေစိုက် အမေရိကန် MV-22 ရဟတ်ယာဉ်တစ်စင်း Okinawa ကျွန်း အနီးတွင် အရေးပေါ်ဆင်းသက်ရမှု ဖြစ်ပွား
တိုကျို ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် MV-22 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစ်စင်းသည် Okinawa ကျွန်း အနီးတွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်ပေါ်ရှိ ဝန်ထမ်း ၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ ၎င်းတို့ထဲမှ ၂ ဦးမှာဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်များအရ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် စစ်စခန်း မှ MV-22 ရဟတ်ယာဉ် သည် Okinawa ခရိုင် Uruma မြို့အနီးရှိ ပင်လယ်ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ရပြီး ရဟတ်ယာဉ် ကိုယ်ထည်ပိုင်း နှင့် ပန်ကာဒလက် တို့မှာ သီးခြားစီ ကွဲထွက်ခဲ့ကာ ဆိုးရွားစွာ ပျက်စီး ခဲ့ကြောင်း သိရှိရသည်။
ဂျပန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Tomomi Inada မှ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် စစ်စခန်းအား ဖြစ်ပွားခဲ့သော ကိစ္စရပ်အား စစ်ဆေးရန် နှင့် လုံခြုံရေးပိုင်း အာမခံမှု ရရှိနိုင်သည့်အထိ MV-22 ရဟတ်ယာဉ် အသုံးပြုခြင်းကို ရပ်နားထားရန် တောင်းဆိုခဲ့သည်။ထို့ပြင် ဂျပန် နိုင်ငံ ရေကြောင်း လုံခြုံရေးရုံး မှလည်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခွင့်ရရှိရန် အမေရိကန် ဘက်အား တောင်းဆိုခဲ့သည်။
ယခု ဖြစ်ပွားခဲ့သော MV-22 ရဟတ်ယာဉ် မတော်တစမှု သည် ဂျပန် နိုင်ငံ တွင် ပထမ ဦးဆုံး ဖြစ်ပွား ခဲ့သည့် ကိစ္စရပ် ဖြစ်သည်။ MV-22 ရဟတ်ယာဉ် သည် အမေရိကန် နိုင်ငံ တွင် အကြိမ်များစွာ မတော်တဆမှုများ ဖြစ်ပွား ခဲ့ပြီး လုံခြုံရေးပိုင်းသည် အလွန်စိုးရိမ်ရသည်။ဂျပန် နိုင်ငံ ပြည်သူလူထု တို့မှလည်း အမေရိကန် စစ်တပ်မှ ဂျပန် နိုင်ငံ တွင် MV-22 ရဟတ်ယာဉ်များ အခြေစိုက်ချထားခြင်းကို ကန့်ကွက်မှုများ အစဉ်တစိုက် ပြုလုပ် ခဲ့ကြသည်။
အမေရိကန် စစ်တပ်၏ ဂျပန် နိုင်ငံ ရှိ Futenma အခြေစိုက်စခန်း အနီးတွင် ကျောင်းများ ၊ ဆေးရုံများ နှင့် အခြားအဆောက်အဦများ အနီးဝန်းကျင်တွင် များစွာ တည်ရှိသည်။ Okinawa ခရိုင်အစိုးရ နှင့် ပြည်သူလူထု တို့မှလည်း ဂျပန် အစိုးရ နှင့် မကြာခဏ အငြင်းပွားမှု များဖြစ်ခဲ့ကြသည်။
ယခု ဖြစ်ပွားခဲ့သော ကိစ္စရပ်ကြောင့် ဂျပန် နိုင်ငံ ပြည်တွင်း ကဏ္ဍအသီးသီး မှ MV-22 ရဟတ်ယာဉ် ၏ လုံခြုံရေး ပိုင်းဆိုင်ရာ စိုးရိမ်မှု ကို ပိုမို မြင့်တက်စေမည် ဖြစ်ပြီး Okinawa ခရိုင်အစိုးရ နှင့် ပြည်သူလူထု တို့၏ အခြေစိုက်စခန်းအား မြို့ပြင်သို့ပြောင်းရွှေ့ရေး နှင့် MV-22 ရဟတ်ယာဉ် ချထားခြင်း ပယ်ဖျက်ရေး တောင်းဆိုမှုများ ပိုမို မြင့်တက် လာနိုင်ကြောင်း သိရှိရသည်။(Xinhua)