Asia
နီပေါတွင် ပျောက်ဆုံးသွားသည့် လေယာဉ်သည် Myagdi ခရိုင်တွင် ပျက်ကျခဲ့သည်ဟု ယုံကြည်ရ

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ Tara လေကြောင်းလိုင်းမှ ခရီးသည် ၂၀ဦး နှင့် လေယာဉ်ဝန်ထမ်း ၃ဦး လိုက်ပါစီးနင်းလာသော လေယာဉ်သည် Myagdi ခရိုင် ၌ ပျက်ကျခဲ့သည် ဟု ယုံကြည်ရကြောင်း သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ၎င်းတို့သည် Myagdiခရိုင်၊ Rupse ဧရိယာအတွင်းရှိ သစ်တော၌ မီးတောက် အချို့ကို မြင်ခဲ့ရကြောင်း နှင့် အဆိုပါနေရာ သည် နီပေါနိုင်ငံ၏ မြို့တော်မှ ၃၀၀ကီလိုမီတာခန့် ကွာဝေးကြောင်း သိရသည်။
သို့သော် အာဏာပိုင်များဖက်မှ အတည်ပြုချက်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
Myagdi ခရိုင် ဒုတိယ ရဲမှူးကြီး Bishwo Raj Khadka က ဒေသခံများ၏ သတင်းပေးချက်အရ Myagdi ခရိုင်ရှိ Rupse ဧရိယာသို့ ဦးတည်သွားရောက်နေပြီဖြစ်ကြောင်း နှင့် အဆိုပါ နေရာသို့ ရောက်ရှိစစ်ဆေးပြီးမှ သာလျှင် အတည်ပြုချက်ပေးနိုင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။
အစောပိုင်းတွင် Tara လေကြောင်းလိုင်း၏ မီဒီယာရေးရာ အရာရှိ Bhim Raj Rai က လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည်များအနက် တရုတ်နိုင်ငံသား တစ်ဦး နှင့် ကူဝိတ်နိုင်ငံသား တစ်ဦးပါဝင်ပြီး မွေးကင်းစကလေးငယ် နှစ်ဦးလည်း လိုက်ပါလာကြောင်း ပြောကြားခဲ့သည်။
နိုင်ငံကူးလက်မှတ်အရ တရုတ်နိုင်ငံသားသည် မျိုးရိုးအမည် ယင် ဟုခေါ်သည့် တရုတ်အမျိုးသမီး ခရီးသွား တစ်ဦး ဖြစ်ပြီး ဟောင်ကောင်မှဖြစ်ကြောင်း သိရသည်။
9NA-HH အမည်ရှိ Twin Otter လေယာဉ်သည် ဖေဖော်ဝါရီလ ၂၄ရက် တွင် Pokhara မြို့ မှ Jomsom မြို့ သို့ ပျံသန်းရန် လေဆိပ်မှ နံနက် ရး၄၇ နာရီတွင် ထွက်ခွာလာပြီး ၉ မိနစ်အကြာတွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
Tara လေကြောင်းလိုင်းက ရဟတ်ယာဉ် ၃ စီးအသုံးပြု၍ ဝေဟင်မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အပြင် မြေပြင်၌ပါ လုပ်ဆောင်နေပြီး ရာသီဥတု ကောင်းမွန်ခြင်း မရှိကြောင်း ကြေညာခဲ့သည်။ (Xinhua)