Asia
ပြင်သစ်နိုင်ငံ Nice တိုက်ခိုက်ခံရမှုအတွက် အလွန်ဝမ်းနည်းကြောင်း တရုတ်ဝန်ကြီးချုပ်ပြော
အူလန်ဘတ်တာ ၊ မွန်ဂိုလီးယား၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ပြင်သစ်နိုင်ငံ Nice မြို့တွင် ဖြစ်ပွားခဲ့သော ကားဖြင့် အကြမ်းဖက် တိုက်ခိုက်မှု၌ သေဆုံးသွားသူများ အတွက် မိသားစုဝင်များ နှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း နှင့် ပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်မှု ကျူးလွန်နေခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဇူလိုင်လ ၁၅ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
မွန်ဂိုလီးယားနိုင်ငံ အူလန်ဘတ်တာမြို့၌ ကျင်းပနေသည့် ၁၁ ကြိမ်မြောက် ASEM ညီလာခံ အခမ်းအနား၌ တရုတ်နိုင်ငံ ဝန်ကြီးချုပ်က အထက်ပါ အတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ဇူလိုင်လ ၁၄ ရက်ည အကြမ်းဖက်မှုတွင် တရုတ်နိုင်ငံသား ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၊ ၎င်းဖြစ်စဉ်ကြောင့် လူပေါင်း ၈ဝ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ပြင်သစ်နိုင်ငံ Nice မြို့၌ ပြင်သစ်အမျိုးသားနေ့ကျင်းပနေစဉ် အကြမ်းဖက်သမားသည် ကုန်တင်ကား တစ်စင်းကို လူအုပ်ကြီးထဲသို့ အရှိန်ဖြင့် မောင်းသွင်းပြီး အကြမ်းဖက်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ASEM ညီလာခံသို့တက်ရောက်ရန် မွန်ဂိုးလီးယား နိုင်ငံသို့ရောက်ရှိနေသည့် ဒိန်းမတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Kristian Jensen က “ အကြမ်းဖက်ဝါဒ နဲ့အကြမ်းဖက် တိုက်ခိုက်တွေကို ဆန့်ကျင်သွားဖို့ ဥရောပ နဲ့ကမ္ဘာ့နိုင်ငံတွေဟာ အနီးကပ်ပိုပြီး လက်တွဲလုပ်ဆောင်ကြဖို့အကြောင်းဖန်လာပါပြီ” ဟု ပြောကြားခဲ့သည်။
ထို့ပြင် Jensen က “ ကျနော်တို့လုပ်နိုင်သလောက် အကြမ်းဖက်ဝါဒကို အဆုံးသတ်ဖို့လုပ်ရမယ်။ ကမ္ဘာ့မိသားစု အသိုင်းအဝိုင်းနဲ့ပူးပေါင်းပြီး လုပ်ဆောင်နိုင်လိ့မ်မယ်လို့မျှော်လင့်ပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။
ဥရောပ ကောင်စီ ဥက္ကဋ္ဌ Donald Tusk က Nice အကြမ်းဖက် တိုက်ခိုက်ခံရမှုသည် ဥရောပနှင့် ပြင်သစ်နိုင်ငံ အတွက် ဝမ်းနည်းစရာ ကောင်းသော နေ့တစ်နေ့ဟု ဆိုသည်။
ထို့ပြင် Donald က “ အမုန်းတရားနဲ့အကြမ်းဖက်မှုကို ဆန့်ကျင် တိုက်ဖျက်သွားဖို့ ပြင်သစ်ပြည်သူ နဲ့ပြင်သစ် အစိုးရ တို့နဲ့အတူ ကျနော်တို့ရှိနေပါတယ် ” ဟု ဆိုသည်။
ဇူလိုင်လ ၁၄ ရက် ည ၈ နာရီ အချိန်တွင် Nice မြို့၌ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု နောက်ကွယ်တွင် အကြမ်းဖက်ဝါဒီ သဘောလက္ခဏာ ဖြစ်သည်မှာ ငြင်းဆိုနိုင်စရာအကြောင်း မရှိကြောင်း ပြင်သစ်နိုင်ငံ သမ္မတ ဖရန်ကိုစ့်ဟော်လန် က ပြစ်တင် ပြောကြားလိုက်သည်။ (Xinhua)