Asia
အိန္ဒိယTelangana ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးချောက်ထဲပြုတ်ကျမှုကြောင့် လူပေါင်း ၅၄ ဦး သေဆုံး

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Telangana ပြည်နယ်တွင် စက်တင်ဘာလ ၁၁ ရက်က ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲ ပြုတ်ကျမှုကြောင့် လူပေါင်း ၅၄ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ခရီးသည် ၈၇ ဦး လိုက်ပါစီးနှင်းလာသည့် ယာဉ်သည် Telangana ပြည်နယ်၏မြို့တော် Hyderabad မြို့ မြောက်ဘက် ၁၇၆ ကီလိုမီတာအကွာရှိ Jagtial ဒေသတွင် ချောက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ် ကြောင်း ၊ ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားပြီဖြစ်ကြောင်း The Times of India(TOI) ၏ သတင်းများအရ သိရသည်။ အဆိုပါယာဉ်မှာ Telangana ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှဖြစ်ကြောင်း သိရသည်။
ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)
ယာဉ်မတော်တဆမှု ဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)
ယခုဖြစ်ပွားသည့် ယာဉ်မတော်တဆမှုမှာ ယာဉ်မောင်း၏ပေါ့လျော့မှုကြောင့်ဖြစ်သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရကြောင်း Jagtial ဒေသ အစိုးရအရာရှိ Rajeshamက ဆင်ဟွာကို ဖုန်းဖြင့် ပြောကြားခဲ့သည်။
ယာဉ်မတော်တဆမှုတွင် သေဆုံးသူများ၏ မိသားစုဝင်များကို ရူပီး ၅ သိန်း(အမေရိကန်ဒေါ်လာ ၆၈၅၀ ခန့် )စီ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဒဏ်ရာရသူများကို အခမဲ့ဆေးကုသမှုများ ပြုလုပ်ပေးမည်ဖြစ်သည်ဟု Telangana ပြည်နယ် ဝန်ကြီးချုပ် Chandrasekhar Rao က ပြောကြားခဲ့ ကြောင်း အိန္ဒိယသတင်းမီဒီယာများ၏ ဖော်ပြချက်များအရသိရသည်။
လမ်းအခြေအနေဆိုးဝါးမှု၊ အရှိန်လွန်မောင်းနှင်မှုနှင့်ဝန်ပိုတင်မှုစသည့် စည်းကမ်းမဲ့လုပ်ဆောင်မှုများ ကြောင့် အိန္ဒိယတွင် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ နှစ်စဉ် ယာဉ်မတော်တဆမှု ကြောင့် သေဆုံးသူ ၁၅၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။ (Xinhua)