Australia / Oceania
သြစတြေးလျတွင် ကမ္ဘာ့ပထမဆုံး ကင်မရာများအသုံးပြု၍ ကားမောင်းရင်း လက်ကိုင်ဖုန်းအသုံးပြုသူများကို ဖမ်းဆီးသွားမည်

ဆစ်ဒနီ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ၂၀၁၈ခုနှစ် အောက်တိုဘာက စမ်းသပ်ကာလအဖြစ် ကမ္ဘာ့ပထမဆုံး ကင်မရာများအသုံးပြု၍ ကားမောင်းရင်း လက်ကိုင်ဖုန်းအသုံးပြုသူ ၁၁,၀၀၀ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် ယင်းနည်းပညာအား ဇန်နဝါရီ ၇ ရက်မှစ၍ ဆစ်ဒနီမြို့ နေရာတစ်ချို့တွင် အမြဲတမ်းတပ်ဆင်အသုံးပြုကာ ကားမောင်းရင်း ဖုန်းအသုံးပြုသူများကို ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
ရေဒါအခြေခံ အာရုံခံစနစ်များ ကို အသုံးပြု၍ ယင်းကင်မရာများသည် ရှင်းရှင်းလင်းလင်းမြင်ရရန် ကားများ၏ မြင်ကွင်းကျယ်အပိုင်းကို ဓါတ်ပုံရိုက်ကူးသွားကာ ဉာဏ်ရည်တု စနစ်တစ်ခုဖြင့် အဆိုပါ ဓါတ်ပုံများအား ချက်ချင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံတစ်ပုံ၌ မသင်္ကာစရာတွေ့ရှိပါက ၎င်းအား လူဖြင့် အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်းသိရသည်။
Queensland တက္ကသိုလ်မှ ကိန်းဂဏန်းအချက်အလက်များအရ သြစတြေးလျနိုင်ငံတွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၄ခုတိုင်း၌ တစ်ခု သည် ယာဉ်မောင်းရင်း လက်ကိုင်ဖုန်းအသုံးပြုမှုကြောင့်ဖြစ်ကြောင်း သိရသည်။
New South Wales (NSW) ပြည်နယ် လမ်းပိုင်းဆိုင်ရာဝန်ကြီး Melinda Pavey က ယင်းနည်းပညာသည် ယာဉ်မောင်းသူများ၏ အပြုအမူကို ပြုပြင်ပေးပြီး လူ့အသက်များကို ကယ်ဆယ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့သည်။
၎င်းက ယင်းသို့လုပ်ဆောင်ခြင်းသည် ဘဏ္ဍာငွေတိုးမြင့်ရရှိစေရန် မဟုတ်ကြောင်း နှင့် New South Wales (NSW) ပြည်နယ် အသိုင်းအဝိုင်း၏ ၇၄ရာခိုင်နှုန်းက ယင်းစနစ်အား ထောက်ခံကြောင်းပြောကြားခဲ့သည်။
ယင်းစနစ်သည် ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန် ထိရောက်ပြင်းထန်သည့် အသိတစ်ခုကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း Paveyကပြောကြားခဲ့သည်။
၂၀၁၇ခုနှစ်တွင် New South Wales (NSW) ပြည်နယ် တစ်လျှောက် ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုမှုဖြင့် ယာဉ်မောင်း ၄၂,၀၀၀ဦးကို ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။ (Xinhua)