Europe
တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု သည် တရုတ်-ပေါ်တူဂီ ဆက်ဆံရေးအတွက် စာမျက်နှာသစ်တစ်ခုကို ရေးသားခြင်းဖြစ်
လစ္စဘွန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)
ရေကြောင်းကုန်သွယ်မှုတွင် မှတ်ကျောက်တင်နိုင်ခဲ့သော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ပေါ်တူဂီနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု၌ များစွာ စိတ်ဝင်စားမှုရှိကြောင်း တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ ပေါ်တူဂီခရီးစဉ်မတိုင်မီ ပေါ်တူဂီပညာရှင်များက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ အဆိုတင်သွင်းခဲ့သော ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှုသည် ရှေးဟောင်းပိုးလမ်းမကြီးကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည့် အပြင် တရုတ်-ပေါ်တူဂီ ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်ရန် အခွင့်အလမ်းကောင်းတစ်ခုကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြုပြောကြားခဲ့သည်။
ခေတ်သစ်ပိုးလမ်းမကြီးမိတ်ဆွေများ အဖွဲ့အစည်း ဥက္ကဋ္ဌ ဒေါက်တာ Fernanda Ilheu က ပေါ်တူဂီသမိုင်းကြောင်း ၏ အလွန်အရေးကြီးသော ကာလများသည် ရေကြောင်းပိုးလမ်းမကြီး နှင့် ဆက်စပ်နေကြောင်း နှင့် ပေါ်တူဂီနိုင်ငံသားများသည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု အပေါ် စိတ်ဝင်စားမှုရှိခြင်းသည် သမိုင်းအစဉ်အလာအရ အမြစ်တွယ်ခိုင်မာနေခဲ့ကြောင်း ပြောကြားခဲ့သည်။
၁၅ရာစု နှင့် ၁၆ရာစု များအတွင်း တရုတ်နိုင်ငံ သည် ရေကြောင်းပိုးလမ်းမကြီး တွင် ပါဝင်ခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နှင့် ပေါ်တူဂီနိုင်ငံအစိုးရတို့သည် သမိုင်း၌ မကာအိုအရေးကိစ္စအားဖြေရှင်းရန် ၁၉၈၇ခုနှစ်တွင် သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပြီး အလားတူကိစ္စရပ်မျိုးအား ဖြေရှင်းဆောင်ရွက်ရန် အခြားနိုင်ငံများအတွက် အောင်မြင်သည့် သာဓကတစ်ခုကို ပြသနိုင်ခဲ့ကြောင်း ပေါ်တူဂီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Cai Run ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ နှင့် ပေါ်တူဂီနိုင်ငံအကြား ရင်းနှီးချစ်ကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့သည် နှစ်တစ်ရာကျော်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား ပဋိပက္ခတစ်ခါမျှမဖြစ်ပွားခဲ့ကြောင်း ပေါ်တူဂီနိုင်ငံ၏ ဦးဆောင်အာမခံကုမ္ပဏီဖြစ်သော Fidelidade ၏ အမှုဆောင်ဒါရိုက်တာ Jorge Correia ကပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်များအတွင်း တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ပေါ်တူဂီနိုင်ငံတွင် ပုံရိပ်ကောင်းများရှိခဲ့ပြီး Fosun ကဲ့သို့သော တရုတ်ကုမ္ပဏီကြီးများသည် နိုင်ငံ၏ အဓိက ကဏ္ဍများဖြစ်သော ဘဏ်လုပ်ငန်း၊ အာမခံ နှင့် ကျန်းမာရေးလုပ်ငန်းများတွင် ရင်းနှီးငွေပမာဏများစွာ မြှုပ်နှံခဲ့ကြောင်း သိရသည်။
ပေါ်တူဂီနိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု ၏ အစောပိုင်းကတည်းက ထောက်ခံမှုများပြုလုပ်ခဲ့သည်။ ဥရောပတိုက်တွင် အကောင်းဆုံးသော ဆိပ်ကမ်းများကိုပိုင်ဆိုင်ထားသော ပေါ်တူဂီနိုင်ငံ၏ ယင်းအားသာချက်ကို အသုံးချ၍ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာလာစေပြီး ခေတ်သစ်ပိုးလမ်းမကြီးအကောင်အထည်ဖော်မှု အား ရှေ့ဆက်တွန်းအားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပေါ်တူဂီနိုင်ငံ သမ္မတ Marcelo Rebelo de Sousa ကပြောကြားခဲ့သည်။ (Xinhua)