Connect with us

Europe

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လေးကြိမ်တိတိဆွတ်ခူးခဲ့သူ ရော်နယ်ဒို

ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားဆုရ ရော်နယ်ဒို အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ပါရီ ၊ ဒီဇင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံဘောလုံးမဂ္ဂဇင်းမှ ပေးအပ်ချီးမြင့်သော (Ballon d’Or) ရွှေဘောလုံးဆု ကို ခရစ်တီယာနို ရော်နယ်ဒိုသည် ဒီဇင်ဘာလ ၁၂ ရက်က လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိသွားကြောင်းသိရသည်။

ရီယဲလ်မက်ဒရစ်အသင်း နှင့် ပေါ်တူဂီအသင်း တိုက်စစ်မှူး ရော်နယ်ဒို သည် အနီးကပ်ပြိုင်ဖက် ဘာစီလိုနာအသင်းမှ မက်ဆီ ၊ ဂရိစ်ဇမန်း ၊ လူဝစ်ဆွာရက် နှင့် နေမာတို့ကို ကျော်ဖြတ်၍ ၎င်း ဆုအားဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုကို ၅ ကြိမ်တိတိ ဆွတ်ခူးထားသူ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီ နောက်တွင် ရော်နယ်ဒိုက လေးကြိမ်မြောက် ရရှိခဲ့သူအဖြစ် ရပ်တည်နေသည်။ ကမ္ဘာတစ်လွှားမှ သတင်းသမားပေါင်း ၁၇၃ ဦးတို့က ရွှေဘောလုံးဆုအတွက် မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ဆုပေးပွဲ ဆန်ကာတင် စာရင်းဝင် ကစားသမား ၃ဝ ဦးအနက် ၁၁ ဦးမှာ မဲလုံးဝရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုသည် ပြီးခဲ့သော ဘောလုံးရာသီအတွင်း ကလပ်အသင်း နှင့် နိုင်ငံ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၁ဝ ပွဲ ပါဝင်ကစားခဲ့ပြီး ၁ဝ၂ ဂိုး သွင်းယူပေးခဲ့ကြောင်း၊ မေလတွင်ကျင်းပခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရီယဲလ်အသင်း ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့သလို ၂ဝ၁၆ ခုနှစ် ဇူလိုင်လတွင် ပြင်သစ်နိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပခဲ့သော ဥရောပဖလားဘောလုံးပြိုင်ပွဲတွင် ပေါ်တူဂီအသင်းဗိုလ်စွဲအောင် ထောက်ပံ့ကူညီခဲ့ကြောင်းသိရသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့၌ ဒီဇင်ဘာလ ၁၂ ရက်ကပြုလုပ်သော ဆုပေးပွဲသို့ရော်နယ်ဒိုသည် တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ဂျပန်နိုင်ငံ၌ ပြုလုပ်နေသည့် ကမ္ဘာ့ကလပ်အသင်းများ ချန်ပီယံပြိုင်ပွဲအတွက် ရီယဲလ်မက်ဒရစ်အသင်းနှင့်အတူ သွားရောက်ကစားနေသည်။ သို့သော် ဆုပေးပွဲအခမ်းအနားသို့ရော်နယ်ဒိုက ဗီဒီယိုတိတ်ခွေ ပေးပို့၍ ဝမ်းမြောက်ဂုဏ်ယူကြောင်း စကားလက်ဆောင်ပါးခဲ့သည်။

“ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လေးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တဲ့အတွက် အရမ်းကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်” ဟု ရော်နယ်ဒိုက ဆိုသည်။

ရော်နယ်ဒိုသည် အဆိုပါဆုကို ၂ဝဝ၈ ခုနှစ် ၊ ၂ဝ၁၃ ခုနှစ် နှင့် ၂ဝ၁၄ ခုနှစ် များတွင် အသီးသီးရရှိထားခဲ့ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.