Connect with us

Europe

တရုတ်-ရုရှား နှစ်နိုင်ငံ ဝန်ကြီးချုပ် အတူ သတင်းမီဒီယာများနှင့်တွေ့ဆုံ


စိန့်ပီတာစဘာ့ဂ်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက စိန့်ပီတာစဘာ့ဂ်မြို့တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် တရုတ်-ရုရှား နှစ်နိုင်ငံ ဝန်ကြီးချုပ် ပုံမှန်အစည်းအဝေး၏အောင်မြင်မှုရလဒ်ကောင်းများကို တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်နှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် နှစ်ဦးစလုံးက ကျေနပ်အားရကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က ယခုနှစ်သည် တရုတ်-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်သည့် နှစ် ၇၀ ပြည့်အခါသမယဖြစ်ကြောင်း ၊လက်ရှိ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်နေခြင်းသည် နှစ်ဖက်အကျိုးစီးပွားနှင့်ကိုက်ညီသလို လူသားမျိုးနွယ်၏အကျိုးစီးပွားကိုလည်း ကောင်းကျိုးအထောက်အပံ့ဖြစ်စေကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ကို အကောင်အထည်ဖော်ရာတွင် ဘက်ပေါင်းစုံ၊ ကဏ္ဍစုံ၊ အရည်အသွေးမြင့်မှုများ ရှိခဲ့ကြောင်း ၊ စွမ်းအင်ကဏ္ဍ သမာရိုးကျ ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုသစ်များ ရရှိလျက်ရှိသလို နယ်စပ်ဖြတ်ကျော် E-Commerce ၊ သိပ္ပံနည်းပညာဆန်းသစ် တီထွင်မှု စသည် ကဏ္ဍသစ် ပူးပေါင်းဆောင်ရွက်မှုများတွင် အများအလေးထားရလောက်သည့် သိသာထင်ရှားမှုရလဒ်များ မပြတ်ရှိကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏ အချိန်ကာလနှင့်အညီ ဆထက်ထမ်းပိုး တိုးပွားစေရန် ရည်မှန်းချက်ကို နှစ်ဖက်စလုံးကအကောင်အထည်ဖော်ဆောင်သွားလိုကြောင်း၊ ဘက်ပေါင်းစုံဝါဒနှင့်လွတ်လပ်သောကုန်သွယ်ရေးကို နှစ်ဖက်သဘောတူထောက်ခံကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့်ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်တို့ စိန့်ပီတာစဘာ့ဂ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့်ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်တို့ စိန့်ပီတာစဘာ့ဂ်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်ကလည်း လက်ရှိတွင် ရုရှားနှင့်တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ ခေတ်သစ်ကို ရောက်ရှိနေပြီဖြစ်ရာ နီးကပ်သည့်ဆွေးနွေးညှိနှိုင်းမှုများဖြင့် ကဏ္ဍစုံပူးပေါင်းအကောင်အထည်ဖော်မှု ရလဒ်သစ်များ ရရှိနေကြောင်း ၊ ယခုဆွေးနွေးပွဲကာလတွင်လည်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ သမာရိုးကျ စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုမှသည် အဆင့်မြင့် သိပ္ပံနည်းပညာကဏ္ဍများအထိ ကျယ်ကျယ်ပြန့်ပြန်ဆောင်ရွက်သွားကာ ခေတ်သစ် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအတွက် သွေးသစ်အားမာန်လောင်းပေးလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.