Europe
ယူကရိန်း-ရုရှား အလုံးစုံ အပစ်အခတ်ရပ်စဲရေး ယခုနှစ်မကုန်မီ အကောင်အထည်ဖော်ရန် သဘောတူညီ

ပါရီ ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)
ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား အပြည့်အဝ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုတစ်ခုကို ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ၂၀၁၉ ခုနှစ် နှစ်မကုန်မီ အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြကြောင်း ရုရှား ၊ ယူကရိန်း ၊ ပြင်သစ် နှင့် ဂျာမနီ နိုင်ငံများမှ ခေါင်းဆောင်များက ဒီဇင်ဘာ ၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
“ သက်ဆိုင်ရာနိုင်ငံတွေက အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ ကတိပြုကြပါတယ် ၊ ၂၀၁၉ ခုနှစ် နှစ်မကုန်မီ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံအားပေးမယ့် လိုအပ်တဲ့ လုပ်ငန်းဆောင်တာအားလုံးကို ဖြည့်ဆည်းဆောင်ရွက်သွားမှာပါ” ဟု ပြင်သစ်နိုင်ငံသမ္မတ အီမန်နျူရယ်မက်ခရွန် ၊ ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် ၊ ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် နှင့် ယူကရိန်းနိုင်ငံသမ္မတ ဘိုလိုဒိုမာ ဇီလန်စကီး (Volodymyr Zelensky ) တို့၏ ပူးတွဲကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် နိုင်ငံခေါင်းဆောင်များအားတွေ့ရစဉ်(ဆင်ဟွာ)
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်လာသော ရုရှားသမ္မတ နှင့် ပြင်သစ်သမ္မတ တို့အားတွေ့ရစဉ်(ဆင်ဟွာ)
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွင် ယူကရိန်းသမ္မတ နှင့် ပြင်သစ်သမ္မတတို့အားတွေ့ရစဉ်(ဆင်ဟွာ)
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင် ဂျာမနီဝန်ကြီးချုပ် နှင့် ပြင်သစ်သမ္မတို့အားတွေ့ရစဉ်(ဆင်ဟွာ)
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ တက်ရောက်လာသော ရုရှားသမ္မတ နှင့် ပြင်သစ်သမ္မတ တို့အားတွေ့ရစဉ်(ဆင်ဟွာ)
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင် ဂျာမနီဝန်ကြီးချုပ် နှင့် ပြင်သစ်သမ္မတို့အားတွေ့ရစဉ်(ဆင်ဟွာ)
ယူကရိန်း-ရုရှား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွင် ယူကရိန်းသမ္မတအားတွေ့ရစဉ်(ဆင်ဟွာ)
ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေ၌ ပြုလုပ်ခဲ့သော နော်မန်ဒီ-၄ ထိပ်သီးအစည်းအဝေး (Normandy Four Summit) ပြီးနောက် သက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများသည် “ နိုင်ငံရေး နှင့် ပြည်တွင်းရွေးကောက်ပွဲများလုံခြုံရေး” ဆိုင်ရာဆွေးနွေးရန် ရှေ့ ၄ လအတွင်း နောက်ထပ် နော်မန်ဒီအခြေပြပုံစံ အစည်းအဝေးကို ထပ်မံကျင်းပရန် သဘောတူညီခဲ့ကြကြောင်း ကြေညာချက်က ဆိုသည်။
၂၀၁၄ ခုနှစ် ဧပြီတွင် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း၌ ပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည်ကို ဖြေရှင်းရန် ၄ နိုင်ငံမှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သည့် နော်မန်ဒီ-၄ ဟူသော ချိတ်ဆက်ဆောင်ရွက်မှုအဖွဲ့တစ်ခုကို ၂၀၁၄ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့သည်။
ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးသည် ၃ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ကျင်းပသော အစည်းအဝေးဖြစ်သည်။ နောက်ဆုံး အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးကို ယခုနှစ်အစောပိုင်းတွင် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပြီးနောက်၎င်းနှင့် သမ္မတပူတင်တို့ အကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံမှုလည်း ဖြစ်သည်။ လေးနိုင်ငံခေါင်းဆောင်များဆွေးနွေးပြီးနောက်တွင် ရုရှားနှင့် ယူကရိန်း နှစ်နိုင်ငံခေါင်းဆောင်တို့သည် နှစ်ဦးချင်း သီးသန့်အစည်းအဝေး ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။(Xinhua)