Connect with us

Europe

လန်ဒန်မြို့အကြမ်းဖက် တိုက်ခိုက်ခံရ ၅ ဦးသေဆုံး ၊ ၄ဝ ခန့်ဒဏ်ရာရ


လန်ဒန် ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့လယ်၌ မတ်လ ၂၂ ရက် ကဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင်သေဆုံးသူ ၅ ဦး နှင့် ထိခိုက်ဒဏ်ရာရသူ ၄ဝ ဦးထိ ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က အင်္ဂလန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေထံ ဖုန်းဆက် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Sean Spicer က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အပေါ် အမေရိကန်နိုင်ငံက ကန့်ကွက်ရှုတ်ချကြောင်း နှင့် တိုက်ခိုက်သူများကို အင်္ဂလန်ရဲတပ်ဖွဲ့အနေဖြင့် အမြန်ဆုံး လက်တုံ့ပြန်သွားနိုင်ရန် အမေရိကန်နိုင်ငံက အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်၏ ထုတ်ပြန်ချက်ထဲတွင် အဆိုပါတိုက်ခိုက်မှုအား “ ထိတ်လန့်ဖွယ်ရာ အကြမ်းဖက်မှု” ဟုရေးသားဖော်ပြထားသည်။

အင်္ဂလန်နိုင်ငံ ဝက်မင်စတာလွှတ်တော် အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် ရဲတပ်ဖွဲ့ကလုံခြုံရေး ရယူထားစဉ် (ဆင်ဟွာ)

မတ်လ ၂၂ ရက် နံနက်ပိုင်းက ဓားကိုင်ဆောင်ထားသော အကြမ်းဖက်သမားတစ်ဦးသည် လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံအပြင်ဘက်၌ လုံခြုံရေးယူထားသည့် ရဲအရာရှိတစ်ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း နှင့် ၎င်းဓားသမားအား ရဲတပ်ဖွဲ့က အသေပစ်သတ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ထို့ပြင် ကားတစ်စီးသည် လန်ဒန်မြို့လယ် ၊ ဝက်မင်စတာ တံတားအနီးရှိ လူအုပ်ထဲသို့တိုးဝင်မောင်နှင်းခဲ့ကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။ အကြမ်းဖက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အခြား သုံးဦးမှာ အရပ်သားများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သိရသည်။(Xinhua)