Europe
သြစတြေးလျနိုင်ငံက ပြည်ပအကူအညီဘတ်ဂျက်အား အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြတ်တောက်ရန်ရှိ
ကန်ဘာရာ၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံက ပြည်ပအကူအညီဘတ်ဂျက်အား သြစတြေးလျဒေါ်လာ ၁၁၇ သန်း (အမေရိကန်ဒေါ်လာ ၈၂.၅ သန်း) ခန့် လျှော့ချသွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြည်ပ အကူအညီ အသုံးစရိတ်အား ၂၀၁၈/၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သြစတြေးလျဒေါ်လာ ၄.၁၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၂.၉၃) ရှိရာမှ ၂၀၁၉-၂၀ တွင် သြစတြေးလျဒေါ်လာ ၄.၀၄ ဘီလီယံသို့ လျှော့ချမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဂျို့ရှ် ဖရိုင်ဒန်ဘာ့ခ် (Josh Frydenberg) က ဧပြီလ ၂ ရက် ညပိုင်းက ပြောကြားလိုက်သည်။
ဘတ်ဂျက်ဖြတ်တောက်မှုအများစုမှာ အရှေ့တောင်နှင့် တောင်အာရှရှိ အကူအညီအစီအစဉ်များ၌ ပါဝင်မည်ဖြစ်ပြီး ပါကစ္စတန်နိုင်ငံအတွက် အကူအညီ သြစတြေးလျဒေါ်လာ ၃၉ သန်း (အမေရိကန်ဒေါ်လာ ၂၇.၅) မှ သြစတြေးလျဒေါ်လာ ၁၉ သန်း (အမေရိကန်ဒေါ်လာ ၁၃.၄ သန်း) ၊ ကမ္ဘောဒီးယားနိုင်ငံအတွက် သြစတြေးလျဒေါ်လာ ၅၆ သန်း (အမေရိကန်ဒေါ်လာ ၃၉.၅ သန်း) မှ သြစတြေးလျဒေါ်လာ ၄၃ သန်း (အမေရိကန်ဒေါ်လာ ၃၀.၃ သန်း) သို့ လျှော့ချခြင်းများ ပါဝင်မည် ဖြစ်သည်။
ထို့ပြင် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဘတ်ဂျက်ဌာနမှ နောက်ထပ် သြစတြေးလျဒေါ်လာ သန်း ၅၀ (အမေရိကန်ဒေါ်လာ ၃၅.၂ သန်း) အား အမျိုးသားနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း စီမံချက်များတွင် ပြောင်းလဲသုံးစွဲမည် ဖြစ်သည်။
ပစိဖိတ်ဒေသသို့ အကူအညီကိုမူ ထိခိုက်မည် မဟုတ်ကြောင်း၊ ၂၀၁၉-၂၀ ခုနှစ်တွင် ယင်းဒေသအတွက် သြစတြေးလျဒေါ်လာ ၁.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၈၈ သန်း) ရှိကာ စုစုပေါင်း အကူအညီဘတ်ဂျက်၏ ၃၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Marise Payne က Australian Broadcasting Corporation (ABC) သို့ ပြောကြားရာတွင် အဆိုပါ ဘတ်ဂျက်မှာ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာမှုအား ကာကွယ်သောခြင်းဖြင့် သြစတြေးလျနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားများ တိုးတက်ရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)