Europe
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာ

လန်ဒန်၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Kim Darroch သည် ဇူလိုင် ၁၀ ရက်က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ နုတ်ထွက်စာပေးပို့ပြီး ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်ဟု သိရသည်။၎င်း၏အမေရိကန် သမ္မတ ထရမ့်အား ဝေဖန်သည့် လျှို့ဝှက်ချက်ပေါက်ကြားသွားခြင်းက အများတွေးတောခန့်မှန်းစရာအမျိုးမျိုး ဖြစ်စေခဲ့ရာ သံအမတ်အဖြစ် တာဝန်ဆက်လက်ထမ်းဆောင်ရန် မသင့်တော်တော့ဟု မိမိကိုယ်ကို ယူဆသောကြောင့် ရာထူးမှ နုတ်ထွက်ခြင်းဖြစ်ကြောင်း သိရသည်။
မူလက ယခုနှစ်ကုန်တွင်မှ တာဝန်ပြီးဆုံးမည့် Kim Darroch ၏ နုတ်ထွက်စာတွင် ဝေဖန်မှုလျှို့ဝှက်ချက် ပေါက်ကြားပြီးနောက် ၎င်း၏ သံအမတ်ရပ်တည်ချက်နှင့် တာဝန်ထမ်းဆောင်မည့်ကာလကို အများ ခန့်မှန်းပြောဆိုမှုများ ဖြစ်ပေါ်ခဲ့ရာ လုပ်ငန်းဆောင်တာများ ဆက်လက်ပြီးဆုံးအောင် မဆောင်ရွက်နိုင် သောကြောင့် ရာထူးမှနုတ်ထွက်ရခြင်းဖြစ်ကြောင်း ၊ ခန့်မှန်းပြောဆိုမှုများ အဆုံးသတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်ဟု သိရသည်။
Kim Darrochရာထူးမှနုတ်ထွက်ခြင်းအတွက် ဝန်ကြီးချုပ်ထရီဇာမေက အလွန်ဝမ်းနည်းမိကြောင်း ၊ ဘက်စုံပွင့်လင်းသည့်အကြံပေးမှုကိုပြုနိုင်သည့် အရာရှိကို အစိုးရက လိုအပ်ကြောင်း ၊ Kim Darroch ၏ တာဝန်ထမ်းဆောင်မှုများအတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက Kim Darrochသည် ကျွမ်းကျင်ထူးချွန်မှုရှိသူဖြစ်ကြောင်း ချီးကျူး ထားသည်။
အမေရိကန်နိုင်ငံရှိ ဗြိတိန် သံရုံးအား တွေ့ရစဉ်(ဆင်ဟွာ)
Kim Darroch၏ ဗြိတိန်အစိုးရသို့ ပေးပို့သည့် မှတ်တမ်းနှင့် ကြေးနန်းစာများကို ဗြိတိန်မီဒီယာများတွင် ဇူလိုင် ၇ ရက်က ဖော်ပြခဲ့ရာ ထရမ့်အစိုးရသည် လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ခန့်မှန်း ရခက်ခြင်း၊ အရည်အချင်းမပြည့်စုံခြင်းစသည့်အကြောင်းအရာများ ပါရှိကြောင်းသိရသည်။
ထို့နောက်မကြာမီ ထရမ့်က Kim Darrochနှင့်နောက်ထပ်အဆက်အဆံလုပ်မည်မဟုတ်ကြောင်း ၊ Kim Darrochသည် ထူးဆန်းသူ၊ ဉာဏ်နည်းသူ ဖြစ်ကြောင်း ၎င်း၏ တွစ်တာ လူမှုကွန်ရက်တွင် စကားနာထိုးဖော်ပြထားသည်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၏ ပြောရေးဆိုခွင့်ရှိသူက ထရီဇာမေအနေဖြင့် Kim Darroch ၏ အမေရိကန်အစိုးရအပေါ် စူးရှသည့် ဝေဖန်မှုကို လက်မခံသော်လည်း Kim Darroch ကို အပြည့်အ၀ ယုံကြည်မှုရှိကြောင်းနှင့် ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ဇူလိုင် ၈ ရက် က ပြောကြားခဲ့ သည်။ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်မှုလျှို့ဝှက်ချက်ပေါက်ကြားမှုကိစ္စအား စုံစမ်းစစ်ဆေး နေပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
Kim Darrochသည် ဗြိတိန်နိုင်ငံ၏ အတွေ့အကြုံအရှိဆုံး သံတမန်အရာရှိများတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မှစ၍ အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ ထိုမတိုင်မီက ၎င်းသည် အီးယူ၏ ဗြိတိန်အမြဲတမ်းကိုယ်စားလှယ် အဖြစ်လည်းကောင်း၊ ဝန်ကြီးချုပ် အမျိုးသားလုံခြုံရေး အကြံပေးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။(Xinhua)