Europe
ရုရှား နိုင်ငံ က အခြားနိုင်ငံ အနေဖြင့် ဆီးရီးယား ပြည်တွင်းရေး အား ဝင်ရောက်စွက်ဖက်မှု မပြုလုပ်ကြရန် ပြောကြား
မော်စကို ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)
ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ ၏ လေတပ်စခန်း တစ်ခု ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ခံခဲ့ရပြီး နောက်တွင် ဧပြီလ ၉ ရက်နေ့၌ ရုရှား နိုင်ငံ အစိုးရ အရာရှိ များက ဆီးရီးယား နိုင်ငံ ပြည်တွင်းရေး နှင့် မသက်ဆိုင်သော နိုင်ငံ များအနေဖြင့် ဝင်ရောက်စွက်ဖက်မှုများမပြုလုပ်ကြရန် နှင့် ဆီးရီးယား နိုင်ငံ ၏ ရပ်တည်မှု ကို လေးစားကြရန် ပြောကြား ခဲ့ကြသည်။
ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း ရှိ လေတပ်စခန်း တစ်ခု သည် ဧပြီလ ၉ ရက်နေ့ နံနက်ပိုင်း အချိန်၌ ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ကို ခံခဲ့ရပြီး လူအများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွား ပြီးနောက်တွင် ရုရှား နိုင်ငံ က တိုက်ခိုက်မှု မှာ အစ္စရေး နိုင်ငံ မှ စစ်လေယာဉ် မှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပြီး အစ္စရေး နိုင်ငံ အနေဖြင့် လက်ရှိချိန်ထိ ပြန်လည် ပြောကြားမှု မပြုလုပ်သေးကြောင်း သိရှိရသည်။
ရုရှား နိုင်ငံ သမ္မတရုံး သတင်းပြန်ကြားရေး အတွင်းရေးမှူး Peskov က အစ္စရေး နိုင်ငံ စစ်လေယာဉ် များက ဆီးရီးယား လေတပ်စခန်းများအား တိုက်ခိုက်ခဲ့ခြင်း သည် ရုရှား နိုင်ငံ အား စိုးရိမ်မှု ဖြစ်ပွား စေခဲ့ပြီး ရုရှား နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်း များဖြင့် အစ္စရေး နှင့် ဆွေးနွေးမှု ဆောင်ရွက်နေကြောင်း သတင်းမီဒီယာ များအား ပြောကြား ခဲ့သည်။
ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က ယခုဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု မှ တစ်ဆင့် ဆီးရီးယားအရေး အခြေအနေ မှာ လွန်စွာ အန္တရာယ် များကြောင်း ကို သက်သေပြ နိုင်ခဲ့ပြီး နိုင်ငံအချို့အနေဖြင့် ဆီးရီးယား နိုင်ငံ အစိုးရ ၏ ခွင့်ပြုချက်ကို မယူဘဲ အကြမ်းဖက် နှိမ်နင်းရေး ဆိုသည့် ခေါင်းစဉ်ဖြင့် အများအသိမပေးနိုင်သော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ပြောကြား ခဲ့သည်။
ယခု နှစ် ဇန်နဝါရီ ၉ ရက် နှင့် ဖေဖော်ဝါရီ ၇ ရက်နေ့ တို့တွင် အစ္စရေး နိုင်ငံ အနေဖြင့် ဆီးရီးယား နိုင်ငံ နယ်နိမိတ် အတွင်းသို့ ဒုံးကျည်များဖြင့် တိုက်ခိုက်မှု ၂ ကြိမ် ဆောင်ရွက် ခဲ့ပြီး ဆီးရီးယား နိုင်ငံ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ က ဒုံးကျည်များကို တားဆီး နိုင်ခဲ့ကြသည်။ ထိုနောက် အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က ဖေဖော်ဝါရီ ၁၀ ရက်နေ့၌ ဆီးရီးယား နိုင်ငံ အတွင်းမှ မောင်းသူမဲ့ လေယာဉ်များ နိုင်ငံ လေကြောင်း ပိုင်နက်သို့ ဝင်ရောက်ခဲ့ခြင်း ကို လက်တုံ့ပြန်သောအားဖြင့် ဆီးရီးယား နိုင်ငံ အတွင်းရှိ အစိုးရ တပ်ဖွဲ့စခန်းများအား စစ်လေယာဉ်များဖြင့် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)