Europe
Brexit အချိန်ထပ်မံရွှေ့ဆိုင်းရန် ဗြိတိန် ကြိုးပမ်း

လန်ဒန်၊ ဧပြီ ၃ ရက်(ဆင်ဟွာ)
ဥရောပသမဂ္ဂမှ ဗြိတိန် စနစ်တကျ နုတ်ထွက်နိုင်ရန်နှင့် လက်ရှိအကျပ်အတည်းအခြေအနေကို အချိန်ယူဖြေရှင်းနိုင်ရန်အတွက် Brexit အချိန် ထပ်မံရွှေ့ဆိုင်းဖို့ ဥရောပသမဂ္ဂသို့ လျှောက်ထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ဧပြီ ၂ ရက် ညပိုင်းက အမှတ် (၁ဝ) ဒေါင်းနင်းလမ်း(Downing street)တွင် ပြောကြားခဲ့သည်။
အချို့က Brexit အချိန်ရွှေ့ဆိုင်းခြင်းနှင့်အငြင်းအခုံဖြစ်ပွားမှုများကို ငြီးငွေ့နေကြရာ နောက်အပတ် တွင် သဘောတူညီချက်မဲ့ နုတ်ထွက်ရန် မျှော်လင့်နေကြသော်လည်း သဘောတူညီချက်ဖြင့် နုတ်ထွက်ခြင်းသည်သာအကောင်းဆုံးနည်လမ်းဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေက ဧပြီ ၂ ရက်က ပြုလုပ်ခဲ့သော ၇ နာရီကြာ ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီးတွင်ပြောကြား ခဲ့သည်။ ထရီဇာမေက Brexit အချိန်ထပ်မံ ရွှေ့ဆိုင်းရန် လိုအပ်ကြောင်း ၊ သို့သော်လည်း Brexit သဘောတူညီချက် အတည်ပြုခံရပါက ရွှေ့ဆိုင်းချိန်ကို ရပ်တန့်ရန် အချိန်ကို တတ်နိုင်သမျှ မဆွဲထား ရန် လိုအပ်သည်ဟု ထင်မြင်ကြောင်း ပြောကြားခဲ့သည်။
ဗြိတိန် ဥရောပသမဂ္ဂမှ စနစ်တကျနုတ်ထွက်ရန် Brexit နည်းလမ်းအတူရှာဖွေဖို့ အတိုက်အခံပါတီ ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားလိုကြောင်း ထရီဇာမေ က ဆိုသည်။ သို့သော်လည်း နည်းလမ်းအားလုံးမှာ ဥရောပသမဂ္ဂနှင့် ညှိနှိုင်းထားပြီးဖြစ်သော သဘောတူညီချက် အပေါ် အခြေခံရမည်ဖြစ်ပြီး ဗြိတိန်-ဥရောပ အနာဂတ်ဆက်ဆံရေးကို အာရုံစိုက် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ထရီဇာမေက အလေးအနက်ထားပြောကြားခဲ့သည်။
နဂိုမူလ သတ်မှတ်ချက်အရ မတ် ၂၉ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်မည်ဖြစ်သော်လည်း မကြာသေးမီ အချိန်ရွှေ့ဆိုင်းရန် နှစ်ဖက်သဘောတူညီမှု ရရှိထားကြောင်း သိရသည်။ သတ်မှတ်ကာလအတွင်း Brexit သဘောတူညီချက်ကို ဗြိတိန်အောက်လွှတ်တော်က သဘောတူ လက်ခံခြင်းမရှိသောကြောင့် ဗြိတိန်အစိုးရအနေဖြင့် ဧပြီ ၁၂ ရက် မတိုင်မီ Brexit အချိန် ထပ်မံ နောက်သို့ ရွှေ့ဆိုင်းရန် သို့မဟုတ် သဘောတူညီချက်မဲ့ နုတ်ထွက်ရန် နည်းလမ်းသစ်ကို ပြန်လည် ရွေးချယ်ရမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)