Connect with us

Europe

ရုရှားနိုင်ငံက လာမည့်အပတ်တွင် COVID-19 ရောဂါကာကွယ်ဆေး အများအပြားထိုးနှံမှု စတင်မည်

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဧပြီ ၂၁ ရက်တွင် မော်စကိုမြို့ အပြင်ဘက် Novo-Ogaryovo ပြည်နယ်ရှိ အိမ်တော်မှနေ၍ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးဆိုင်ရာ အွန်လိုင်းအစီးအဝေးတစ်ခု တက်ရောက်နေစဉ်(ဆင်ဟွာ)

မော်စကို၊ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ရုရှားနိုင်ငံ သမ္မတဗလာတီမာပူတင်က လာမည့်ရက်သတ္တပတ်၌ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အများအပြားထိုးနှံမှု စတင်ရန် အစိုးရအဖွဲ့အား ဒီဇင်ဘာ ၂ ရက်တွင် လမ်းညွှန်ချက်ပေးခဲ့ကြောင်း သိရသည်။

ရောဂါကူးစက်မှုအန္တရာယ်ရှိအုပ်စုဝင်များဖြစ်ကြသည့် ကျန်းမာရေးဝန်ထမ်းများ နှင့် ဆရာဆရာမများကို ဦးစားပေးအနေဖြင့် ပထမဦးစွာ ကာကွယ်ဆေးထိုးနှံမှု စတင်ပေးမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Tatyana Golikova နှင့် အခြားသော အဆင့်မြင့်အစိုးရအရာရှိကြီးများနှင့်အတူ ပြုလုပ်သည့် အွန်လိုင်းအစီးအဝေးတစ်ခုတွင် သမ္မတ ပူတင်က ထည့်သွင်းပြောကြားခဲ့သည်။

ရုရှားနိုင်ငံမော်စကိုမြို့အပြင်ဘက်ရှိ Kommunarka ဆေးရုံတွင် PPE ဝတ်စုံအပြည့်ဖြင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအား နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာမည့်ရက်ပိုင်းများအတွင်း ကာကွယ်ဆေးထုတ်လုပ်မှုပမာဏသည် နှစ်သန်းအထိ ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း သမ္မတပူတင်၏ ပြောကြားချက်အရ သိရသည်။“ ဒီရက်သတ္တပတ်မှာ ပြင်ဆင်မှုအပိုင်းအားလုံး ပြီးစီးလိမ့်မယ်ဆိုတာကို ကျွန်တော်အသေချာပြောနိုင်ပါတယ်” ဟု ဒုတိယဝန်ကြီးချုပ် Golikova က သမ္မတပူတင်ထံ အစီရင်ခံတင်ပြခဲ့သည်။ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ တပ်ဖွဲ့ဝင်များအတွက် ကာကွယ်ဆေးထိုးနှံမှုကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နှင့် ရုရှားတပ်ဖွဲ့ဝင် ၄ သိန်းကျော်သည် ကာကွယ်ဆေးရရှိမည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းအထိ တပ်ဖွဲ့ဝင် ၈၀,၀၀၀ ကျော် ကာကွယ်ဆေး ထိုးနှံမှု ပြီးစီးလိမ့်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu က ပြီးခဲ့သော ရက်သတ္တပတ်တွင် ပြောကြားထားသည်။

ရုရုားနိုင်ငံသည် COVID-19 ရောဂါ ကာကွယ်ဆေးနှစ်မျိုးကို ထုတ်လုပ်ခဲ့ပြီး ယင်းတို့မှာ Sputnik V နှင့် EpiVqaCorona တို့ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တတိယမြောက် ကာကွယ်ဆေးတစ်မျိုးကိုလည်း ထုတ်လုပ်နေဆဲဖြစ်ရာ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ယင်း ကာကွယ်ဆေး စမ်းသပ်မှုအဆင့်များ အလုံးစုံ ပြီးစီးရန် စီစဉ်ထားကြောင်းလည်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.