Europe
Instagram ၏ လုံခြုံရေး ချို့ယွင်းချက် တစ်ခုအား ရှာဖွေတွေ့ရှိမှုဖြင့် ၁၀ နှစ်သားကလေး ဒေါ်လာ ၁၀,၀၀၀ ဆုချီးမြင့်ခံရ
ဟယ်လ်စင်ကီ၊ မေ ၄ ရက် (ဆင်ဟွာ)
အသက် ၁၀ နှစ် အရွယ်သာ ရှိသေးသည့် ဖင်လန်နိုင်ငံသား တစ်ဦးသည် Instagram ၏ လုံခြုံရေး ချို့ယွင်းချက် တစ်ခုအား ရှာဖွေ တွေ့ရှိပြီးနောက် Instagram မှ ပေးအပ်သည့် ဒေါ်လာ ၁၀,၀၀၀ ကို လက်ခံ ရရှိခဲ့ကြောင်း ဖင်လန်နိုင်ငံ နေ့စဉ် သတင်းစာ Iltalehti က မေလ ၃ ရက်တွင် ဖော်ပြခဲ့သည်။
Jani အမည်ရှိ ကောင်လေးသည် Facebook က ပိုင်ဆိုင်သည့် ဓါတ်ပုံ မျှဝေသည့် မိုဘိုင်းဖုန်း အပလီကေးရှင်း တစ်ခုဖြစ်သော Instagram ၏ လုံခြုံရေး အားနည်းချက် တစ်ခု ကို ၂၀၁၆ ခုနှစ် မတ်လတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါ ကောင်လေးသည် Instagram ၏ တင်ထားသည့် ဓါတ်ပုံအောက်ရှိ comment ပေးသည့်နေရာတွင် ကုတ်ဒ် တချို့ ရိုက်ထည့်ခြင်းဖြင့် အခြားသူများ၏ comment များကို ဖြုတ်ပစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။
Jani သည် ထိုအကြောင်းအရာအား Instagram သို့ Email ဖြင့် ပေးပို့အကြောင်းကြားခဲ့ပြီး ရက်အနည်းငယ် အကြာတွင် Instagram မှ ထို နည်းပညာဆိုင်ရာ ချို့ယွင်းချက်အား ပြင်ဆင်ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ကာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jani က ၎င်းသည် ဂိမ်းဆိုင်ရာ ကုတ်ဒ်များ ရေးခြင်းကို နှစ်များစွာ အရူးအမူး စွဲလမ်းခဲ့ပြီး ၎င်း ကိုယ်တိုင်အပြင် ၎င်း၏ အမွှာ ညီအကိုနှင့် အတူ ကုတ်ဒ် ရေးသားခြင်းအား ကျွမ်းကျင်အောင် လေ့ကျင့်ခဲ့ကြောင်း ပြောကြား ခဲ့သည်။
Jani ၏ အဖေ ဖြစ်သူက ၎င်း၏ သားသည် ကုတ်ဒ်ရေးသားခြင်းနှင့် နည်းပညာ လုံခြုံရေး အကြောင်း များစွာ သိရှိထားသည်ကို တွေ့ရသည့်အတွက် အလွန် အံ့သြမိကြောင်း ပြောကြားခဲ့သည်။
Jani က ၎င်း၏ အနာဂါတ်အိမ်မက် မှာ သတင်းအချက်အလက် လုံခြုံရေး ကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်လာရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)