Europe
အမေရိကန်သံရုံးအား တိုက်ခိုက်ရန် စီစဉ်နေသည့် IS အကြမ်းဖက်သမား ၄ဦးကို တူရကီဖမ်းဆီး
အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ အမေရိကန်သံရုံး အပေါ် တိုက်ခိုက်လာနိုင်ခြေတစ်ရပ်အား စုံစမ်းစစ်ဆေးနေခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံမြောက်ပိုင်း Samsun ပြည်နယ် ၌ IS စစ်သွေးကြွ ၄ဦးကို မတ်လ ၅ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းထားသည့် တရားခံအားလုံးသည် အီရတ်နိုင်ငံသားများဖြစ်ပြီး တရားဝင် ဆက်လက်ဆောင်ရွက်မှုများပြုလုပ်ရန် ရဲဋ္ဌာနသို့ ပို့ဆောင်ထားကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
မတ်လ ၅ရက် အစောပိုင်းတွင် တူရကီရဲတပ်ဖွဲ့က အန်ကာရာမြို့ တစ်လျှောက်ပြုလုပ်ခဲ့သည့် စီးနင်းမှုများအတွင်း IS စစ်သွေးကြွအဖြစ် သံသယရှိသူ ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့အား IS အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်းခြင်း၊ ပဋိပက္ခဇုန်များရှိ လူများနှင့် ဆက်သွယ်မှုပြုလုပ်ခြင်းတို့ဖြင့် စွပ်စွဲပြစ်တင်ခဲ့ကြောင်း သိရသည်။
အမေရိကန်သံရုံးအား မတ် ၅ ရက်တွင် အမည်မသိ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခုကြောင့် ပိတ်ထားခဲ့ပြီး ရဲတပ်ဖွဲ့က သံရုံးအပြင်ဘက်တွင် လုံခြုံရေးထူထပ်စွာ စောင့်ကြပ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)