Connect with us

Europe

ရုရှားပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် မည်သည့် တရားမဝင်လုပ်ရပ်မဆို ဒဏ်ခတ်ခံရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ရုရှားနိုင်ငံ မြို့တော် မော်စကိုရှိ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန အဆောက်အဦအနီးတွင် ဖြတ်သန်းသွားသူများအား ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂအနေဖြင့် မည်သို့ အကြံကုန်ဉာဏ်ကုန် တွက်ချက်ကြံစည်စေကာမူ ရုရှားပိုင်ဆိုင်မှုများကို ပိတ်ဆို့ခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် အသုံးပြုခြင်းအားလုံးသည် မည်သည့်ဥပဒေအထောက်အထားမျှ မရှိကြောင်း၊ ရုရှားပိုင်ဆိုင်မှုနှင့်သက်ဆိုင်သည့် မည်သည့် တရားမဝင်လုပ်ရပ်မဆို ဒဏ်ခတ်ခံရမည် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ရုရှားအချုပ်အခြာအာဏာပိုင် ပစ္စည်းများကို ပိတ်ဆို့ခြင်း၊ ၎င်း၏အကျိုးအမြတ်ကိုအသုံးချခြင်းနှင့် ယင်းပိုင်ဆိုင်မှုပစ္စည်းများအား သိမ်းဆည်းရန် ကြိုးပမ်းခြင်း ဟူသည့် မည်သည့် ကြံစည်မှုမဆို နိုင်ငံတကာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သလို နိုင်ငံအချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ နိုင်ငံပိုင်ပစ္စည်း ကင်းလွတ်ခွင့်နှင့် ပြည်တွင်းရေးမစွက်ဖက်ခြင်း စသည်တို့အပါအဝင် အခြေခံစည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ယင်းနေ့ထုတ်ပြန်သည့် Maria Zakharova က သတင်းထောက်မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် ပြောကြားခဲ့သည်။
ရုရှားဗဟိုဘဏ်က အသုံးပြုနိုင်သည့် ဥပဒေယန္တရားအားလုံးဖြင့် မိမိ၏အကျိုးစီးပွားကို ကာကွယ်ရန် ပြင်ဆင်ထားသည်ဟု အတိအလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယူကရိန်းဘက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဆက်လက် ရင်းနှီးပံ့ပိုးရန် ဆုံးဖြတ်ထားရာ ယင်းမှာ ယူကရိန်းအကျပ်အတည်းကို ပို၍ ရှည်ကြာစေမည် ဖြစ်ကြောင်းလည်း Maria Zakharova က ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂက ရုရှားပိုင်ဆိုင်မှု အသုံးပြုပြီး ယူကရိန်းဘက်ကို ချေးငွေပံ့ပိုးသည့် အခွင့်အရေးကို ဆက်လက်ထိန်းသိမ်းခြင်းသည် တရားဥပဒေကို ဥရောပသမဂ္ဂက မျက်ကွယ်ပြုခြင်းအား ထပ်မံပြသလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဥရောပသမဂ္ဂကောင်စီက ဒီဇင်ဘာ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဥရောပသမဂ္ဂရှိ ရုရှားပိုင်ဆိုင်မှုများကို အချိန်အကန့်အသတ်မရှိ ပိတ်ဆို့ရန် ဥရောပသမဂ္ဂအနေဖြင့် ဆုံးဖြတ်လိုက်ကြောင်း ပြောကြားခဲ့သည်။
ရုရှားဗဟိုဘဏ်က မော်စကိုရှိ ခုံသမာဓိရုံးတွင် စွဲချက်တင်ပြီး ပိတ်ဆို့ခံထားသည့်ရုရှားပိုင်ဆိုင်မှု အများအပြားကို ထိန်းသိမ်းစီမံနေသည့် Euroclear ထံမှ ရူဘယ် ၁၈ ထရီလီယံကျော် လျော်ကြေး တောင်းဆိုထားကြောင်း ရုရှားမီဒီယာများက ဒီဇင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။ (Xinhua)
—————————————
(Chinese Version)
俄外交部:任何与俄资产相关的非法行为都将受到惩罚
新华社莫斯科12月19日电(记者耿辉凰)俄罗斯外交部发言人扎哈罗娃19日表示,无论欧盟如何“机关算尽”,冻结、没收或使用俄罗斯资产都没有任何法律依据。任何与俄罗斯资产相关的非法行为都将受到惩罚。
扎哈罗娃在俄外交部官网当天发布的答记者问中表示,冻结俄方主权资产、动用其收益以及任何没收这些资产的企图,都严重违反国际法,违反包括国家主权平等、国家财产豁免权以及不干涉内政等原则。她说,俄罗斯央行已明确表示准备用一切可用的法律机制来维护自身利益。
扎哈罗娃还说,欧盟成员国决定继续资助乌方,这将延长乌克兰危机。欧盟保留使用俄资产向乌方提供贷款的“权利”,再次展现了欧盟对法律的无视。
欧盟理事会12日发表声明说,欧盟决定无限期冻结俄罗斯在欧盟的资产。俄罗斯媒体15日报道说,俄罗斯央行已在莫斯科仲裁法院提起诉讼,向存管大量俄被冻结资产的欧洲清算银行索赔超过18万亿卢布。(完)
1. 2022年3月28日,在俄罗斯首都莫斯科,行人从俄罗斯外交部大楼附近走过。新华社记者 白雪骐 摄