Europe
အီတလီ နိုင်ငံ Stromboli မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား တစ်ဦး သေဆုံး တစ်ဦး ဒဏ်ရာရရှိ
ရိုးမား ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
အီတလီ နိုင်ငံ Sicily ကျွန်း အနီးရှိ Stromboli မီးတောင် က ဇူလိုင်လ ၃ ရက် ညနေပိုင်း အချိန် တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ပြီး တစ်ဦး သေဆုံး ကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အီတလီ နိုင်ငံ အမျိုးသား ဘူမိရူပ နှင့် မီးတောင် သုတေသန ဌာန ၏ ထုတ်ပြန်ကြေညာချက် အရ Stromboli မီးတောင် က ဇူလိုင် ၃ ရက် ညနေ ၄ နာရီ ၄၆ မိနစ် တွင် ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း ၊ မီးတောင် ၏ တောင်ဘက် အပိုင်း မှ ပြင်းထန်သည့် ပေါက်ကွဲမှုများ စတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မီးသတ်ဌာန ၏ ထုတ်ပြန်ချက် အရ ပေါက်ကွဲမှုကြောင့် လမ်းလျှောက်နေသည့် အသက် ၃၅ နှစ် အရွယ် အီတလီ အမျိုးသား တစ်ဦး သေဆုံး ခဲ့ပြီး အခြား တစ်ဦး က ဒဏ်ရာရရှိခဲ့ကာ အသက် အန္တရာယ် မစိုးရိမ် ရကြောင်း သိရှိရသည်။
မီးတောင် ပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် Sicily ကျွန်း မီးသတ်တပ်ဖွဲ့ဝင် နှင့် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ တို့ က အချင်းဖြစ်ပွားရာ နေရာ သို့ သွားရောက် ခဲ့ကြပြီး အနည်းဆုံး မီးသတ်လေယာဉ် နှစ်စင်း က ကယ်ဆယ်ရေး လုပ်ငန်း တွင် ပါဝင် ခဲ့ကြောင်း သိရှိရသည်။
သတင်းဖော်ပြချက်များ အရ မီးတောင် အနောက်ပိုင်း ဒေသ ရှိ မြို့ မှ အနည်းဆုံး လူ ၇၀ ကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ပြီး ခရီးသွား ဧည့်သည်များကိုလည်း ဘေးလွတ်ရာ သို့ ရွှေ့ပြောင်း စေခဲ့ကြောင်း သိရှိရသည်။(Xinhua)