Europe
ဂရိနိုင်ငံတွင် West Nile ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀ ဦးအထိရှိလာ

အေသင်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ဂရိနိုင်ငံတွင် ယခုနှစ်အတွင်း West Nile ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉၆ ဦးရှိခဲ့ပြီး သေဆုံးသူအရေအတွက်မှာ ၁၀ ဦးအထိ ရှိလာပြီဖြစ်ကြောင်း အမျိုးသား ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်း (EODY) က သြဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
သေဆုံးသူများအားလုံးမှာ အသက် ၆၀ နှစ်အထက် လူမမာများဖြစ်ကြောင်း EODY ၏ အချက်အလက်အရ သိရသည်။
ပြည်သူများအနေဖြင့် ခြင်အန္တရာယ်အား ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် ဂရိ ကျွမ်းကျင်သူများက ထပ်လောင်းပြောကြားခဲ့သည်။
West Nile ဗိုင်းရပ်စ်သည် အဓိကအားဖြင့် ရောဂါသယ်ဆောင်ထားသည့်ခြင်များ ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်သည်။
West Nile ဗိုင်းရပ်စ်သည် ဂရိနိုင်ငံတွင် ၂၀၁၀ ခုနှစ်၌ ပထမဆုံး တွေ့ရှိခဲ့ပြီး ရောဂါ ကူးစက်ခံရသူ ၂၆၂ ဦးရှိပြီး သေဆုံးသူ ၃၅ ဦးရှိခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် အဆိုပါ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူမရှိခဲ့ဘဲ ၂၀၁၇ ခုနှစ်တွင်မူ သေဆုံးသူ ၅ ဦးရှိခဲ့သည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ်က ယင်းဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၁၆ ဦးရှိပြီး သေဆုံးသူ ၅၀ ဦးရှိကြောင်း၊ ခြင်များအား ထိန်းချုပ်ရေးအစီအစဉ်များမှာ လုံလောက်မှုမရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ (Xinhua)