Connect with us

Latin America

ကျူးဘားက တိုင်းပြည် ဘက်ဂျက် ၂၃ ရာခိုင်နှုန်းကို ပညာရေးအတွက် သုံးမည်

ကျူးဘားနိုင်ငံရှိ အခြေခံပညာကျောင်းတစ်ကျောင်းမှ ကလေးငယ်များအားတွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား ၊ စက်တင်ဘာလ ၆ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ၌ ပညာရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်ခြင်းနှင့်အတူ အခြေခံပညာ နှင့် တက္ကသိုလ်ကျောင်းသားကျောင်းသူပေါင်း ၂ သန်းကျော်သည် စက်တင်ဘာလ ၅ ရက်တွင် ၎င်းတို့၏ စာသင်ခန်းများ သို့စတင်ဝင်ရောက်နေကြပြီးဖြစ်သည်။

ကျူးဘားနိုင်ငံရှိလမ်းမများပေါ်တွင် အဖြူ၊အနီ၊အပြာ တူညီဝတ်စုံများ ဝတ်ဆင်ထားသည့် ကလေးငယ်အများအပြားသည် ၎င်းတို့၏ စာသင်နှစ်တစ်နှစ်ကို အစပြုရန်အတွက် စာသင်ခန်းများသို့အသီးသီးဝင်ရောက်နေကြကြောင်း သိရသည်။
“ ဒီလို ပညာရေးစနစ် ရှိတာ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်။ ကိုယ့်ရဲ့ အရည်အချင်းပေါ်မူတည်ပြီး ကောလိပ်အဆင့်ကို တက်ရောက်သင်ကြားခွင့်ရမယ့် အခွင့်အရေးပေါ့ ” ဟု အသက် ၁၇ နှစ်အရွယ် အထက်တန်းကျောင်းသား Thalia Valladares က ဆိုသည်။
ကျူးဘားနိုင်ငံပညာရေးဝန်ကြီးဌာနသည် ၂ဝ၁၆ ခုနှစ်စာသင်နှစ်တွင် အရည်အသွေးပြည့်မီသောဆရာဆရာမများ အသုံးပြုသွားရန် ရှိကြောင်း ၊ အထူးသဖြင့် သင်ကြားရေးပိုမိုကောင်းမွန်အောင် အကူအညီပေးနိုင်ရန် ကျောင်းသားနှင့်မိဘအကြား ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ စာသင်ကျောင်းပေါင်း ၁ဝဝဝဝ ကျော်ရှိ ကျောင်းသားများအတွက် ဆေးရောင်ခြယ်စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ကျူးဘားပညာရေးဝန်ကြီးဌာန ဝန်ကြီး Ena Elsa Velasquez က ဆိုသည်။
“ လူငယ်လူရွယ်တွေ ပညာတတ်ဖို့က ကျွန်တော်တို့တိုင်းပြည်ရဲ့ ထိပ်တန်းဦးစားပေးပါ။ ကျူးဘားအစိုးရဟာ အခုစာသစ်နှစ်အတွက် အမေရိကန်ဒေါ်လာ ၁ဝ၆ သန်း အသုံးပြုသွားဖို့အတည်ပြုထားပြီးပါပြီ” ဟု ၎င်း ကဆိုသည်။
နိုင်ငံတကာနှင့် ပိုမို ရင်ဘောင်တန်းနိုင်မည့် ဘွဲ့များ အပ်နှင်းနိုင်ရန် ကျူးဘားနိုင်ငံအတွင်း ရှိ တက္ကသိုလ်ပေါင်း ၅ဝ တွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်နေပြီး နိုင်ငံအတွင်းရှိ အဆင့်မြင့်ပညာရေးမှ ကျောင်းသား ၂၂ဝဝဝဝ ကျော်သည် စာသင်ခန်းသို့ပြန်လည် ဝင်ရောက်နေပြီဖြစ်ကြောင်းသိရသည်။
ယခုစာသင်နှစ်မှ စတင်ကာ ကျူးဘားနိုင်ငံအတွင်းရှိ ကောလိပ်အများစုတွင် စာသင်နှစ်ငါးနှစ်မှ လေးနှစ်အထိ လျှော့ချသွားမှာဖြစ်ပြီး တက္ကသိုလ်ကျောင်းသားအားလုံးသည် အင်္ဂလိပ်စာကို ပရော်ဖက်ရှင်နယ်အဆင့်ထိ သင်ကြားတတ်မြောက်စေရန် စာသင်ချိန်များကို အပြောင်းအလဲပြုလုပ်ရန် ညွှန်ကြားထားကြောင်းသိရသည်။
“ အခုနှစ်မှာ ကျောင်းသားပေါင်း ၈၇ဝဝဝ ကျော်ဟာ ဘာသာရပ်အမျိုးမျိုးအတွက် ကောလိပ်တက်နေကြပါပြီ။ ပြီးခဲ့တဲ့ နှစ်ကထက် ဦးရေပိုများလာပါတယ်” ဟု ကျူးဘားနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ဝန်ကြီး Jose Saborido က ဆိုသည်။
ကျူးဘားနိုင်ငံရှိ ကျောင်းသားများသည် မူလတန်းပညာရေးမှ ကောလိပ်နောက်ဆုံးနှစ်အထိ အခမဲ့ပညာရေးဖြင့် တက်ရောက်ခွင့်ရှိပြီး ဖတ်စာအုပ်များ ၊ မှတ်စုစာအုပ်များ နှင့် အခြားလိုအပ်သော အသုံးအဆောင်များကို နိုင်ငံတော်မှ ပံ့ပိုးပေးသွားမည်ဖြစ်သည်။
ကျူးဘားပညာရေးဌာနသည် တိုင်းပြည်ဘက်ဂျက်ငွေ၏ ၂၃ ရာခိုင်နှုန်းကို အသုံးပြုခွင့်ရမည်ဖြစ်ပြီး ကမ္ဘာပေါ်တွင် ပညာရေးအတွက် ဘက်ဂျက်ငွေအများဆုံး အသုံးပြုသောနိုင်ငံများထဲတွင် ပါဝင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.