Latin America
ဂွာတီမာလာ ရှိ ကလေးဂေဟာ မီးလောင်မှုကြောင့် ကလေး ၁၉ဦးသေဆုံး

ဂွာတီမာလာ စီးတီး၊ မတ် ၉ ရက် (ဆင်ဟွာ)
ဂွာတီမာလာနိုင်ငံ အလယ်ပိုင်း တွင် မတ် ၈ ရက်နေ့ အစောပိုင်း က ကလေးဂေဟာတစ်ခု မီးလောင်မှုဖြစ်ပွားရာ ကလေး ၁၉ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခု က ဖော်ပြခဲ့သည်။
San Jose Pinula မြို့ရှိ Virgen de la Asuncion ကလေးဂေဟာ တွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၂၀ထက်မနည်း ဆိုးရွားသည့်မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုသည် အဆောင်အတွင်း ခိုက်ရန်ဖြစ်ပွားရာမှ စတင်ခဲ့ကြောင်း နေ့စဉ်သတင်းစာ Prensa Libre ကဖော်ပြခဲ့သည်။
ခိုက်ရန်ဖြစ်ပွားမှုသည် အဆောင်အတွင်း၌ စတင်ဖြစ်ပွားခဲ့ပြီး ခိုက်ရန်ဖြစ်ပွားသူများက ၎င်းတို့၏ မွေ့ရာများအား မီးရှို့ခဲ့ပြီး မီးတောက်သည် အဆောက်အအုံ၏ ကျန်သည့်အပိုင်းများသို့ ကူးစက်ကာ အဆောက်အအုံအတွင်းမှ အပြင်သို့ မထွက်နိုင်ဘဲ ပိတ်မိနေခဲ့ကြောင်း သတင်းစာက ဖော်ပြခဲ့သည်။
ကလေးဂေဟာအတွင်း ပြုစုစောင့်ရှောက်မှုအားနည်းခြင်း နှင့် အစားအစာများ လုံလောက်စွာမရရှိသည့်အတွက် ဆယ်ကျော်သက်ကလေး ၆၀ကျော်၏ ဆူပူဆန္ဒပြမှုများသည် မတ်လ ၇ရက်နေ့ ညတွင်စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ဒဏ်ရာရရှိသူအချို့သည် ဒဏ်ရာအခြေအနေပြင်းထန်သောကြောင့် ဆေးရုံ၌ ကုသနေစဉ်၌ပင် သေဆုံးသွားခဲ့ကြောင်း Roosevelt ဆေးရုံဒါရိုက်တာ ကားလို့စ်ဆိုတို က သတင်းစာသို့ပြောကြားခဲ့သည်။
ဆိုတို၏ ပြောကြားချက်အရ ဆေးရုံ၌ မီးလောင်ဒဏ်ရာရရှိသူ မိန်းကလေးငယ် ၂၃ဦးကို ကုသမှုပေးနေပြီး ၎င်းတို့အနက် ၁၄ဦးမှာ ဒဏ်ရာအခြေအနေပြင်းထန်ကြောင်း သိရသည်။ (Xinhua)