Latin America
ဗင်နီဇွဲလားတွင် အကြမ်းဖက် ဆန္ဒပြမှုကြောင့် လူပေါင်း ၄ဝ၈ ဦး အဖမ်းခံရ

ကာရစ် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ၌ အကြမ်းဖက် ဆန္ဒပြခြင်းနှင့်အတူ လုယက်မှုများပါ ကျူးလွန်ခဲ့သည့် အနည်းဆုံး လူပေါင်း ၄ဝ၈ ဦးကို ဇွန်လ ၁၅ ရက်တွင် ဖမ်းဆီး ထိန်းသိမ်း လိုက်ကြောင်း သိရသည်။
Sucre ပြည်နယ် အရှေ့မြောက်ပိုင်း Cumana မြို့ရှိ Panamericana ဈေးဆိုင်ခန်း ၁၅ ဆိုင် လုယက် ဖျက်ဆီးခြင်း ခံရပြီးနောက် ပြည်နယ် အုပ်ချုပ်ရေးမှူး Luis Acuna က ငြိမ်းငြိမ်းချမ်းချမ်း ရှိကြရန် သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။ လုယက်ခြင်းခံရသည့် ဆိုင်များထဲတွင် စူပါမားကက်များ ၊ အဝတ်အထည်ဆိုင်များနှင့် မျက်မှန်ဆိုင်လည်း ပါဝင်ကြောင်း သိရသည်။
“ သေဆုံး၊ ဒဏ်ရာရသူ မရှိဘဲ ပဋိပက္ခမှုက ပြီးဆုံးသွားပါပြီ” ဟု Acuna က ဆိုထားသော်လည်း အတိုက်အခံများကမူ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် Cristobal Castaneda အမည်ရှိ လူတစ်ဦး သေဆုံးသွားကြောင်း ပြောဆိုထားသည်။
Sucre ပြည်နယ်နှင့် ထိစပ်နေသော Anzoategui ပြည်နယ်အုပ်ချုပ်ရေးမှူး Nelson Moreno ကလည်း လုယက်မှုများ ကျူးလွန်ခဲ့သည့် အတွက် လူ ၈ ဦးကို ဇွန်လ ၁၅ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ထုတ်ဖော် ပြောကြားထားသည်။ အဆိုပါ လုယက်သူများအနက် နှစ်ဦးမှာ လူသတ်မှု ၊ လုယက်မှု နှင့် ခိုးမှုများ ကျူးလွန်ထားသည့် ရာဇဝတ်ကောင်များ ဖြစ်ကြောင်း ပြောသည်။
“ မနက်တုန်းက မြို့တော်ဝန်နဲ့အတူ ပြည်နယ်လုံခြုံရေး အတွက် အစည်းအဝေး လုပ်ပါတယ်” ဟု Moreno က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ Henry Ramos Allup သည် အကြမ်းဖက်မှု ဖြစ်ပွားအောင် လူမှုကွန်ရက် စာမျက်နှာကတဆင့် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း Moreno က စွပ်စွဲ ပြောကြားလိုက်သည်။
ဗင်နီဇွဲလားနိုင်ငံ အတွင်း အစားအစာများ ပြတ်လပ်လာခြင်းကြောင့် ပြည်သူများ ဒေါသဖြစ်ရာမှ တဆင့် ဆန္ဒပြပွဲများ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အတိုက်အခံ သတင်းအရင်းအမြစ်များက ဆိုထားသည်။ (Xinhua)