Latin America
ဘရာဇီးတွင် လေယာဉ် ဓါးပြတိုက်မှုကြောင့် လူ ၆ဦးသေဆုံး
ရီယိုဒီဂျန်နေးရို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ လေဆိပ်တစ်ခုတွင် ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ကြောင်း ဖယ်ဒရယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
နိုင်ငံ အရှေ့မြောက်ပိုင်း Pernambuco ပြည်နယ် ရှိ Salgueiro လေဆိပ်တွင် လက်နက်ကိုင် အုပ်စု တစ်ခုက ဘဏ်များအတွက် ငွေသယ်ဆောင်မည့် လေယာဉ်တစ်စီးအား ဓါးပြတိုက်ရန် ကြိုးစားရာမှ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်နက်ကိုင်အုပ်စု သည် လုံခြုံရေးအစောင့်များကို ကျော်ဖြတ်၍ လေယာဉ်ဆင်းသက်လာသည့် လမ်းကြောင်းပေါ်သို့ ဝင်ရောက်လာခဲ့ပြီးနောက် လေယာဉ်ရပ်တန့်စေရန် လေယာဉ်မှူးအား ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့အား ၃နှစ်ကြာ စုံစမ်းစစ်ဆေးနေသော ဖယ်ဒရယ်ရဲတပ်ဖွဲ့ က ၎င်းတို့အား စောင့်ဆိုင်း၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စုစုပေါင်းလက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်၆ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကာ အခြား၄ဦးကို ထိန်းသိမ်းထားကြောင်း သိရသည်။
ယင်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးမျှ ထိခိုက်ဒဏ်ရာမရရှိခဲ့သလို လေယာဉ်ပေါ်မှ ပိုက်ဆံများလည်း အခိုးမခံရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
လေယာဉ်မှူးမှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ အခြေအနေကောင်းမွန်ကြောင်း သိရသည်။
ဓါးပြတိုက်ရန် ကြိုးစားမှုမှ AK47 ရိုင်ဖယ် ၆လက် နှင့် ပစ္စတိုတစ်လက်ကို အာဏာပိုင်များက သိမ်းဆည်းခဲ့ကြောင်း သိရသည်။ (Xinhua)