Latin America
ဘရာဇီးအသင်း၏ လေ့ကျင့်ရေးအစီအစဉ်မှ နေမာအနားယူ

နက်တယ် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ)
အောက်တိုဘာ ၆ ရက်တွင် ဘိုလီဗီးယားအသင်း နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဘရာဇီးအသင်း၏ အကြိုလေ့ကျင့်ရေးအစီအစဉ် ပြန်လည်စတင်ချိန်တွင် နေမာအပါအဝင် အဓိက ကစားသမား ၅ ဦးကို အောက်တိုဘာလ ၃ ရက်က အနားပေးခဲ့ကြောင်း သိရသည်။
Arena das Dunas ကွင်းတွင်ပြုလုပ်ခဲ့သော ဘရာဇီးလက်ရွေးစင်အသင်း၏ လေ့ကျင့်ရေးအစီအစဉ်ကို ကြည့်ရှုရန် ပရိသတ် ၁ဝဝဝဝ ခန့်ရောက်ရှိနေသော်လည်း အများစုမှာ ဘာဆီလိုနာရှေ့တန်းတိုက်စစ်မှူးနေမာကို အားပေးရန် ရောက်ရှိနေကြသူများသာ ဖြစ်သည်။ သို့သော် အသက် ၂၄ နှစ်အရွယ်ရှိ တိုက်စစ်မှူးသည် ဘရာဇီးလက်ရွေးစင် အသင်းကြီး နှင့်အတူ ပူးတွဲလေ့ကျင့်ခြင်းမပြုဘဲ အလွတ်တည်ကန်ဘောလေ့ကျင့်ခြင်း နှင့် တစ်ဦးချင်းဘောလုံးစွမ်းရည် လေ့ကျင့်ခန်းများကို ၎င်း၏ ပရိသတ်အတွက် သီးသန့်ပြသခဲ့ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံ အရှေ့မြောက်ဖက်ကမ်းခြေရှိ နက်တယ်မြို့၌ ပြုလုပ်လျက်ရှိသော ဘရာဇီးလက်ရွေးစင်အသင်း၏ ပထမဆုံး ဘောလုံးလေ့ကျင့်ရေး အစီအစဉ်တွင် နေမာတစ်ဦးတည်းသာ ပျက်ကွက်ခဲ့ခြင်းမဟုတ်ကြောင်း သိရသည်။ တခြား အနားယူခွင့်ပြုထားသော ကစားသမားများမှာ ဖာနန်ဒင်ဟို ၊ ဖိလစ်လူးဝစ် ၊ မီရန်ဒါ နှင့် ဂူလီယာနို တို့ဖြစ်ကြောင်း ၊ ၎င်းတို့အားလုံးသည် ဥရောပတိုက်မှ ခရီးရှည် လေယာဉ်စီးခဲ့ရပြီးနောက် လေ့ကျင့်ရေးကွင်းသို့မကြာမီကပင် ရောက်ရှိခဲ့ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းတွင် Arena das Dunas ဘောလုံးကွင်း၌ ပထမဆုံးအကြိမ် နိုင်ငံတကာပွဲစဉ်တစ်ခုကို အောက်တိုဘာလ ၆ ရက်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ပွဲစဉ်အတွက် လက်မှတ် စောင်ရေ စုစုပေါင်း ၃၁,ဝဝဝ ကို အားလုံးရောင်းချခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တောင်အမေရိကတိုက်ဇုံတွင် ခြေစစ်ပွဲ ဝင် အသင်း ၁၀ ရှိရာ ဘရာဇီးအသင်းသည် ၈ ပွဲကစားပြီး ရမှတ် ၁၅ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။ ၎င်းအုပ်စုတွင် ဥရုဂွေးအသင်းသည် ရမှတ် ၁၆ မှတ်ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဘိုလီးဗီးယားသည် ရမှတ် ၇ မှတ်ဖြင့် အဆင့် ၈ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။
အဆိုပါ အုပ်စုမှ ထိပ်ဆုံး ၄ သင်းသည် ၂ဝ၁၈ ခုနှစ် ရုရှားနိုင်ငံ၌ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအုပ်စုမှ အဆင့် ၅ ရသောအသင်းသည် တခြားအုပ်စုမှ အသင်းတစ်သင်းနှင့် အိမ်ကွင်းအဝေးကွင်း အပြန်အလှန်ကစား၍ အနိုင်ရသော အသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)