Latin America
ဘိုလီးဗီးယားနိုင်ငံတွင် ဘတ်စ်ကား တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံး

လာပက်ဇ်၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)
ဘိုလီးဗီးယားနိုင်ငံတွင် သြဂုတ်လ ၄ ရက် ညသန်းခေါင်ခန့်က ခရီးသည်တင်ဘတ်စ်ကားတစ်စီး မီတာ ၂၀၀ နက်သောလျှိုမြောင်တစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ရာ လူ ၁၄ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက သြဂုတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုမှာ လာပက်ဇ်မြို့ မြောက်ဘက် ၂၅၁ ကီလိုမီတာအကွာရှိ ချာရာဇာနီမြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းအချက်အလက်အား ကိုးကား၍ ဘိုလီးဗီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော အယ်လ် အယ်လ်တိုမြို့၏ အများပြည်သူပို့ဆောင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Osvaldo Fuentes က ပြောခဲ့သည်။
“သေဆုံးသူတွေက အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား ၃ ဦးဖြစ်ပါတယ်” ဟု Fuentes က ဒေသခံမီဒီယာသို့ ပြောခဲ့သည်။
အဆိုပါ ဘတ်စ်ကားမှာ ဒေသခံလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်မည့် စေတနာ့ဝန်ထမ်း ဆရာဝန်နှင့် သူနာပြုအဖွဲ့ တစ်ဖွဲ့အား တင်ဆောင်လာခြင်းဖြစ်ပြီး လာပက်ဇ်မြို့မှ အပိုလိုမြို့သို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။ (Xinhua)