Latin America
သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် အောလန်ဒိုမြို့သို့ အိုဘားမား သွားမည်
ဝါရှင်တန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
အမေရိကန် သမိုင်းကြောင်းတလျှောက် သေဆုံးသူအများဆုံး ဖြစ်ခဲ့သည့် သေနတ် ပစ်ခတ်မှု၌ သေဆုံးခဲ့ရသူများ အတွက် ကြေကွဲ ဝမ်းနည်းကြောင်း ဖော်ပြရန် ဇွန်လ ၁၆ ရက်၌ ဖလော်ရီဒါ ပြည်နယ် အော်လန်ဒိုမြို့သို့ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား သွားရောက်မည် ဖြစ်ကြောင်း အိမ်ဖြူတော်မှ ဇွန်လ ၁၃ ရက်က ကြေညာခဲ့သည်။
ဇွန်လ ၁၆ ရက်၌ အော်လန်ဒိုကို သွားရောက်ကာ သေဆုံးသူများ၏ မိသားစုဝင်များအား စာနာထောက်ထားသည့် အနေဖြင့်လည်းကောင်း၊ မိသားစုများ ပြန်လည် ကောင်းမွန်သည့် အခြေအနေ ပြန်ရရှိစေဖို့အတွက် လည်းကောင်း လူမှုအသိုင်းအဝိုင်းနှင့် အတူ ရပ်တည်သွားမည်ဟု အိမ်ဖြူတော်၏ ကြေညာချက်၌ ဖော်ပြထားသည်။
ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူချစ်သူ နိုက်ကလပ်တစ်ခု၌ လူပေါင်း ၄၉ ဦး သေဆုံးခဲ့ပြီး ၅၃ ဦး ဒဏ်ရာ ရရှိခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်ပွားပြီး လေးရက်အကြာတွင် အိုဘားမားက သွားရောက်မည် ဖြစ်သည်။
ဖလော်ရီဒါပြည်နယ် စိန့်လူစီ ဆိပ်ကမ်းမြို့၌ နေထိုင်သည့် အိုမာ မာတင်းဟု သိရသည့် သေနတ်သမားအား ရဲများ နှင့် အပြန်အလှန် ပစ်ခတ်ပြီးနောက် နိုက်ကလပ် အတွင်း၌ အသေ ဖမ်းမိခဲ့သည်။
အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို ညွှန်ကြားရေးမှူး ဂျိန်းစ်ကိုမီနှင့် သမ္မတ အိုဘားမားတို့ ပြုလုပ်ခဲ့သည့် အစည်းအဝေး အပြီး၌ အိုဘားမားက ဖလော်ရီဒါ သေနတ် ပစ်ခတ်မှုသည် ပြည်တွင်း အကြမ်းဖက်မှု တစ်ခု ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။
ယခုအချိန်မှာ ကျွန်တော်တို့ ပြောနိုင်တာက ပြည်တွင်း အကြမ်းဖက်မှုသာ ဖြစ်ပြီး သေနတ်သမားကို ပြည်ပက တိုက်ရိုက် ညွှန်ကြားကြောင်း ရှင်းလင်းသည့် သက်သေ မတွေ့ရကြောင်း အိုဘားမားက ပြောသည်။
သေနတ်သမားက နောက်ဆုံးအချိန်မှာ ISIL ကို သစ္စာခံကြောင်း ကြေညာခဲ့သော်လည်းပဲ တကယ်တမ်းတွင် ISIL ၏ တိုက်ရိုက်ညွှန်ကြားသည့် သက်သေ မတွေ့ခဲ့ရကြောင်း ဆိုသည်။
အိုင်အက်စ်များနှင့် ချိတ်ဆက်မှု ရှိနေသည့် Amaq သတင်း အေဂျင်စီကလည်း အဆိုပါ သေနတ်ပစ်ခတ်မှုမှာ အိုင်အက်စ်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ဇွန်လ ၁၂ ရက်က ကြေညာခဲ့သည်။ (Xinhua)