Connect with us

Latin America

အမေရိကန် တီဗီစတား ခရစ်တီးနား ဂရင်မီ ဂီတဖျော်ဖြေပွဲတစ်ခု၌ သေနတ်ပစ်ခတ်ခံရ၍ သေဆုံး

သေနတ် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ အမေရိကန် အဆိုတော် ခရစ်တီးနား ဂရင်မီ (ဘယ်) နှင့် သေနတ်သမား Kevin James Loibl (ညာ) အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

ပါရမီရှိသည့် ဂီတ အနုပညာရှင် များအား မွေးထုတ်ပေးနေသည့် အမေရိကန် “The Voice” ရုပ်သံ အစီအစဉ်မှ တစ်ဆင့် ကျော်ကြားလာသည့် အမျိုးသမီး အဆိုတော်ငယ် တစ်ဦးဖြစ်သူ ခရစ်တီးနား ဂရင်မီသည် ဖလော်ရီဒါ ပြည်နယ် အော်လန်ဒို မြို့တွင် ပြုလုပ်ခဲ့သည့် ဂီတဖျော်ဖြေပွဲ တစ်ခု၌ သေနတ်ပစ်ခတ်ခံရ၍ ဇွန်လ ၁၁ ရက်က သေဆုံးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အသက် ၂၂ နှစ် ရှိပြီ ဖြစ်သော နယူးဂျာဆီ ပြည်နယ်ဖွား ခရစ်တီးနား ဂရင်မီသည် ဇွန်လ ၁၀ ရက်ညက အော်လန်ဒို မြို့တွင် ကျင်းပခဲ့သည့် ဂီတ ဖျော်ဖြေပွဲတစ်ခု၌ သေနတ်သမား တစ်ဦး၏ ပစ်ခတ်ခြင်း ခံခဲ့ရပြီး ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောသည်။
အော်လန်ဒို ရဲတပ်ဖွဲ့ အကြီးအကဲ ဂျွန်မီနာက ခရစ်တီးနား ဂရင်မီသည် ၎င်း၏ ပရိသတ်များအား တွေ့ဆုံ နှုတ်ဆက်ကာ လက်မှတ် ရေးထိုးပေးခြင်း နှင့် တေးသီချင်းခွေများ ရောင်းချပေးနေစဉ် သေနတ်သမား အမျိုးသားသည် ၎င်းအနီးသို့ ချဉ်းကပ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသေနတ်သမားသည် ပြစ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် တေးဂီတပွဲသို့ လာရောက်ခဲ့သည်ဟု ယုံကြည်ပါကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။
ဒေသခံ အာဏာပိုင်များ၏ စုံစမ်း စစ်ဆေးချက်များအရ သေနတ်သမားသည် ဖလော်ရီဒါ ပြည်နယ် စိန့်ပီတာစဘတ်မြို့တွင် နေထိုင်သော အသက် ၂၇ နှစ်အရွယ် Kevin James Loibl ဖြစ်ကြောင်း သိရှိခဲ့ပြီး ၎င်းသည် ဂီတပွဲသို့ သေနတ် ၂ လက် နှင့် အမဲလိုက်ဓား တစ်ချောင်းကို ယူဆောင်လာခဲ့ကြောင်းနှင့် ၎င်းအား သေဆုံးသူ၏ အကိုက ဖမ်းချုပ်ခဲ့ပြီးနောက် ၎င်းသည် ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်၍ သတ်သေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
သေနတ်သမား သေဆုံးသွားသောကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်း အကြောင်းအရင်းသည် ပဟေဋ္ဌိ ပုစ္ဆာတစ်ခု အဖြစ် ကျန်ရစ်နေခဲ့သော်လည်း မီနာ က သေနတ်သမား နှင့် ဂရင်မီတို့သည် တစ်ဦးနှင့် တစ်ဦး သိကျွမ်းသည့်ပုံ မရှိကြောင်း ပြောကြားခဲ့သည်။
မီနာ က သေနတ်သမားတွင် ရာဇဝတ်မှု ကျူးလွန်ခဲ့သည့် နောက်ကြောင်း မှတ်တမ်းမရှိကြောင်း လည်း ပြောကြားခဲ့သည်။
ဂရင်မီသည် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော “The Voice” အစီအစဉ် ၆ ၌ တတိယနေရာ ရရှိခဲ့ကြောင်းနှင့် “The Voice” တီဗီအစီအစဉ် ၌ ပါဝင်မယှဉ်ပြိုင်ခင် ၎င်းသည် Youtube တွင် ပေါ့ပ် ကာဗာသီချင်းများ သီဆိုခြင်းဖြင့် အွန်လိုင်း တွင် လူအများ၏ စိတ်ဝင်စားခြင်းကို ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.