Latin America
အမုန်းတရားကြောင့် လူ၉ဦးအား သတ်ဖြတ်ခဲ့သည့် သေနတ်သမားအား သေဒဏ်ချမှတ်
ဝါရှင်တန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)
ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုသည့် လူမည်း ၉ဦးအား ၂၀၁၅ခုနှစ်တွင် သေနတ်ဖြင့်ပစ်သတ်ခဲ့သူ သေနတ်သမားတစ်ဦးအား ဗဟိုတရားရုံးတစ်ခုက ဇန်နဝါရီ ၁၀ရက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
အဆင့်၂ဆင့်ပါဝင်သည့် တရားစီရင်မှုပြီးနောက် တရားသူကြီး က ဒိုင်လန်ရုဖ် အမည်ရှိ အသက် ၂၂နှစ်အရွယ် တရားခံသည် အမုန်းတရားအခြေခံသော ပြစ်မှုများအပါအဝင် ပြစ်မှုပေါင်း ၃၃ခုကို ကျူးလွန်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
ရုဖ်က ပြစ်မှုများကျူးလွန်စေရန် လူမျိုးရေးမုန်းတီးစိတ်က လှုံ့ဆော်ပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီး တရားစီရင်စဉ် ကာလအတွင်း ၎င်းကျူးလွန်ခဲ့သည့်ပြစ်မှုများအတွက် နောင်တရရှိကြောင်းမပြခဲ့သည့်အပြင် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူတစ်ယောက်လည်းမဟုတ်ကြောင်း သိရသည်။
ဆေးထိုး၍ သေဒဏ်ပေးခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှုများရှိနေသောကြောင့် လက်ရှိတွင် သေဒဏ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းထားသောကြောင့် ရုဖ်အားသေဒဏ်ပေးရန် နှစ်အနည်းငယ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ကာရိုလိုင်းနားပြည်နယ်တောင်ပိုင်း ချာစတန်မြို့ရှိ အာဖရိက-အမေရိကန် ဘုရားကျောင်းတစ်ခုတွင် ၂၀၁၅ခုနှစ် ဇွန် ၁၇ရက်က လူ၉ဦးအသတ်ခံခဲ့ရပြီး အစောပိုင်းတွင် အာဏာပိုင်များက လူမျိုးရေးမုန်းတီးစိတ်ရှိသည့် လူဖြူသေနတ်သမားတစ်ဦး၏ လက်ချက်ဖြစ်ကြောင်း ကောက်ချက်ချခဲ့သော်လည်း နောက်ပိုင်းတွင် သေနတ်သမားမှာ ရုဖ်ဖြစ်ကြောင်း သိရှိခဲ့သည်။
အဆိုပါ ပစ်ခတ်မှုသည် အမေရိကန်လူမှုအဖွဲ့အစည်းအား အမျက်ဒေါသထွက်စေခဲ့ပြီး အမေရိကန်နိုင်ငံ တောင်ပိုင်းကာရိုလိုင်းနားပြည်နယ် တွင် ကျန်ရှိနေသည့် လူမျိုးရေးခွဲခြားမှုဝါဒကို အမြစ်ပြတ်တိုက်ထုတ်ရန် တွန်းအားတစ်ခု ဖြစ်ပေါ်လာစေခဲ့ကြောင်းသိရသည်။ (Xinhua)