Latin America
အမေရိကန်နှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်မည်ဟု ဗင်နီဇွဲလား ကြေညာ

ကာရာကပ်စ်၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ)
အမေရိကန်နှင့် သံတမန်ဆက်ဆံရေး တရားဝင်ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံ နိုင်ငံရေးအပြောင်းအလဲဖြစ်အောင် အမေရိကန်က အဆက်မပြတ် သွေးထိုးလှုံ့ဆော် လျက်ရှိသောကြောင့် အမေရိကန်နှင့် သံတမန်ဆက်ဆံရေး၊နိုင်ငံရေးအဆက်အဆံ လုံး၀ ဖြတ်တောက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဇန်နဝါရီ ၂၃ရက် ညနေပိုင်းက သမ္မတအိမ်တော်အနီးတွင် ကျင်းပသည့် လူထုစုဝေးပွဲ၌ ပြောကြားခဲ့သည်။
ဗင်နီဇွဲလားရှိ အမေရိကန် သံတမန်အရာရှိများ ၇၂ နာရီအတွင်း ထွက်ခွာရန် တောင်းဆိုထားကြောင်း သိရသည်။ သမ္မတထရမ့်အနေဖြင့် အတိုက်အခံပါတီအဖွဲ့ဝင်၊ လွှတ်တော် ဥက္ကဋ္ဌ Juan Guaidó ကို ယာယီသမ္မတအဖြစ် အသိအမှတ်ပြုထောက်ခံခြင်းသည် မှားယွင်းသည့်လုပ်ရပ်ဖြစ်ကြောင်း နီကိုးလပ်စ် မာဒူရို (Nicolas Maduro)ကဆိုသည်။
သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro)အား သမ္မတအိမ်တော်အနီးတွင် ကျင်းပသည့် လူထုစုဝေးပွဲ၌တွေ့ရစဉ် (ဆင်ဟွာ)
သမ္မတအိမ်တော်အနီးတွင် ကျင်းပသည့် လူထုစုဝေးပွဲအားတွေ့ရစဉ်(ဆင်ဟွာ)
ဇန်နဝါရီ ၂၃ ရက်အစောပိုင်းတွင် Juan Guaidóက မိမိကိုယ်ကို ယာယီသမ္မတဖြစ်ကြောင်း ကြေညာခဲ့ပြီးမကြာမီ ထရမ့်က ၎င်းကို အသိအမှတ်ပြုကြောင်းနှင့် အမေရိကန်အနေဖြင့် ဗင်နီဇွဲလားကို စီးပွားရေး၊ သံတမန်ရေး နည်းလမ်းများနှင့်ဆက်လက် ဖိအားပေးဆောင်ရွက်သွား မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းကိစ္စအပေါ် ဗင်နီဇွဲလားအစိုးရက တရားရုံးချုပ်၏ဆုံးဖြတ်ချက်အရ လွှတ်တော်သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစ၍ တရားမဝင်အနေအထားမျိုးတွင်ရှိနေရာ လွှတ်တော်ခေါင်းဆောင်ပိုင်း၏ လုပ်ငန်းတာဝန်များနှင့်လုပ်ဆောင်ချက်များမှာ လုံးဝအကျုံးဝင်မှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
၂၀၁၈ခုနှစ် မေလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် နီကိုးလပ်စ် မာဒူရို (Nicolas Maduro)က ဗင်နီဇွဲလား သမ္မတအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် အနိုင်ရရှိခဲ့ပြီး ဇန်နဝါရီ ၁၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ သို့သော် အမေရိကန်စသည့်နိုင်ငံအချို့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အကြောင်းပြပြီး နီကိုးလပ်စ် မာဒူရို (Nicolas Maduro)၏ သမ္မတ သက်တမ်းသစ်ကို အသိအမှတ်မပြုဘဲ စီးပွားရေး၊ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် ပိတ်ဆို့မှုများ အဆက်မပြတ်တိုးချဲ့လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)