Latin America
ပါရာဂွေး နိုင်ငံ သမ္မတ Horacio Cartes က ရာထူး မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာ

ရီယိုဒီဂျနေရိုး ၊ မေ ၂၉ ရက် (ဆင်ဟွာ)
ပါရာဂွေး နိုင်ငံ သမ္မတ Horacio Cartes က မေလ ၂၈ ရက်နေ့ ၌ ရာထူး မှ နုတ်ထွက်ကြောင်း နှင့် အထက် လွှတ်တော် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန် ယူသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာ လိုက်သည်။
Horacio Cartes က လွှတ်တော် သို့ နုတ်ထွက်စာ ပေးပို့ ခဲ့ရာ တွင် မိမိ အနေဖြင့် ယခု နှစ် ဧပြီလ ၂၂ ရက်နေ့ တွင် အထွေထွေ ရွေးကောက်ပွဲ မှ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် ခံခဲ့ရပြီး ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ ကိုယ်စားလှယ် တာဝန် ကို ထမ်းဆောင် ရမည် ဖြစ်သောကြောင့် သမ္မတ ရာထူး မှ နုတ်ထွက် ကာ လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် နိုင်ငံ တာဝန် ကို ဆက်လက် ထမ်းဆောင် သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။
Horacio Cartes ပါဝင် သည့် အာဏာရ ပါတီ အနီရောင် ပါတီ ၏ သမ္မတလောင်း Mario Abdo Benítez က ယခု နှစ် သမ္မတ ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့ မှ စတင်၍ သမ္မတ ရာထူး ကို တာဝန်ယူ သွားမည်ဖြစ်ကာ သက်တမ်းအားဖြင့် ၅ နှစ်ဖြစ်ကြောင်း သိရှိရသည်။
Horacio Cartes သည် ၁၉၅၆ ခုနှစ် တွင် မွေးဖွား ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် နိုင်ငံ တွင် ပညာသင်ခဲ့ဖူးသော ပါရာဂွေး နိုင်ငံ ၏ နာမည်ကျော် လုပ်ငန်းရှင် တစ်ဦး ဖြစ်သည်။ ၎င်း အနေဖြင့် ငွေကြေး လုပ်ငန်း ကုမ္ပဏီ ကို စတင် လုပ်ကိုင် ခဲ့ပြီး အခြား လုပ်ငန်း ကုမ္ပဏီ များစွာ ကိုလည်း ပိုင်ဆိုင်သူ တစ်ဦး ဖြစ်သည်။ ၎င်း က ၂၀၁၃ ခုနှစ် တွင် ပါရာဂွေး နိုင်ငံ သမ္မတ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး သမ္မတ တာဝန် ထမ်းဆောင်စဉ် အတွင်း ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ကို ပြဌာန်း ခဲ့ကာ ကုန်ထုတ်လုပ်မှု ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ၊ စီးပွားရေး ကို လျင်မြန်စွာ တိုးတက်စေ ခဲ့ခြင်း တို့ကြောင့် နိုင်ငံ အား လက်တင် အမေရိကန် ဒေသ တွင် ဦးဆောင် နေရာ သို့ ရောက်ရှိ အောင် ဆောင်ရွက် နိုင်ခဲ့သူ ဖြစ်သည်။(Xinhua)