Connect with us

Africa & Middle East

အီရန်နှင့် ဆွေးနွေးမှု အောင်မြင်ခဲ့ခြင်းမရှိပါက ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ထပ်မံစေလွှတ်ရန် ထရမ့် စဉ်းစားနေ

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)

ဆွေးနွေးမှုများ အောင်မြင်ခဲ့ခြင်းမရှိပါက အီရန်အား စစ်ရေးအရ တိုက်ခိုက်နိုင်သည့် အလားအလာအတွက် ဒုတိယမြောက် လေယာဉ်တင်သင်္ဘော ဦး‌ဆောင်သည့် စစ်ရေယာဉ်စုကို အရှေ့အလယ်ပိုင်းဒေသသို့ စေလွှတ်ရန် စဉ်းစားနေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီ ၁၀ ရက်၌ ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ စစ်ရေယာဉ်စုတစ်စုဟာ အဲဒီကိုသွားနေပြီဖြစ်သလို နောက်ထပ် စစ်ရေယာဉ်စုတစ်စုလည်း အဲဒီကို ထွက်ခွာနိုင်တယ်” ဟု အမေရိကန်သတင်းဌာန Axios နှင့် အင်တာဗျူးတစ်ခု၌ ထရမ့်က ပြောကြားခဲ့ကာ အမေရိကန်အနေဖြင့် အီရန်အစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆွေးနွေးရန် ကြိုးပမ်းနေသည့် တစ်ချိန်တည်းတွင် စစ်ရေးအရ တပ်ဖြန့်ချထားမှုများ ထပ်တိုးလုပ်ဆောင်ရန်လည်း ချိန်ဆနေသည်ဟု အလေးအနက်ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ သဘောတူညီချက် တစ်ခုခုရအောင် လုပ်မှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ သိပ်ကိုပြင်းထန်တဲ့ အရာတစ်ခုခုကို လုပ်ရပါလိမ့်မယ်” ဟု ထရမ့်က ပြောကြားခဲ့ပြီး နောက်ထပ် လေယာဉ်တင်သင်္ဘောတစ်စင်း အရှေ့အလယ်ပိုင်းဒေသသို့ ထွက်ခွာဖွယ်ရှိသည်ဟု ဆိုသည်။
အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းနှင့် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများကို အရှေ့အလယ်ပိုင်းဒေသသို့ တပ်ဖြန့်စေလွှတ်ထားပြီးဖြစ်သည်။
အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် လွန်ခဲ့သော သီတင်းပတ်က အိုမန်နိုင်ငံတွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် နှစ်ဖက် သဘောတူညီခဲ့ကြသည်။ သို့သော် အမေရိကန်-အီရန် ဆွေးနွေးမှုများ ထပ်မံပြုလုပ်မည့် နေ့ရက်နှင့် နေရာကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ထရမ့်က သံတမန်ရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်ကြောင်း၊ အီရန်အနေဖြင့် သဘောတူညီမှုတစ်ခု ပြုလုပ်နိုင်ရန် အလွန်ဆန္ဒရှိနေပြီး မည်သည့်သဘောတူညီချက်မဆို အီရန်၏ နျူကလီးယား အစီအစဉ်ကိုရော ပဲ့ထိန်းဒုံးကျည် သိုလှောင်မှုကိုပါ လွှမ်းခြုံမှုရှိသင့်ကြောင်း ၎င်းက ပြောသည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဝါရှင်တန်သို့ လာရောက်ရန် စီစဉ်ထားကြောင်း သိရသည်။ ထရမ့်က နေတန်ယာဟုအနေဖြင့် အမေရိကန်-အီရန် ဆွေးနွေးမှုများအပေါ် စိုးရိမ်နေမည်ဟု မိမိမထင်ကြောင်း ပြောကြားခဲ့သည်။ “သူလည်း သဘောတူညီချက်တစ်ခုကို လိုချင်နေပါတယ်။ သူက ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခုကို လိုချင်နေတာပါ” ဟု ထရမ့်က ဆိုသည်။ (Xinhua)

………………..
(English Version)
Trump mulling sending second carrier if talks with Iran fail
WASHINGTON, Feb. 10 (Xinhua) — U.S. President Donald Trump said on Tuesday that he is considering sending a second aircraft carrier strike group to the Middle East for possible military action against Iran if negotiations fail.
“We have an armada that is heading there, and another one might be going,” Trump said in an interview with U.S. news outlet Axios, noting that Washington is weighing additional military deployments while pursuing diplomatic talks with Tehran.
“Either we will make a deal or we will have to do something very tough like last time,” Trump said, adding that another aircraft carrier “might be going” to the region.
The aircraft carrier USS Abraham Lincoln and several guided-missile destroyers have already been deployed to the Middle East.
The United States and Iran held negotiations last week in Oman and the two sides agreed to keep the talks going. The date and venue of the next round of U.S.-Iran talks have yet to be announced.
Expressing optimism about the diplomatic process, he said that Iran “wants to make a deal very badly” and that any agreement should cover Iran’s nuclear program as well as its ballistic missile stockpiles.
Israeli Prime Minister Benjamin Netanyahu is scheduled to visit Washington on Wednesday. Trump said he does not think Netanyahu is nervous about the U.S.-Iran negotiations. “He also wants a deal. He wants a good deal.” Enditem
English Caption
U.S. President Donald Trump is pictured after his meeting with Ukrainian President Volodymyr Zelensky in Davos, Switzerland, Jan. 22, 2026. (Xinhua/Peng Ziyang)