Africa & Middle East
ထရမ့်က ၁၅ ရက်အတွင်း သဘောတူညီမှုရယူရန် နောက်ဆုံးအချိန် သတ်မှတ်ထားကြောင်း အရိပ်အမြွက်ပြောကြားလိုက်စဉ် အီရန်က ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်
ကိုင်ရို၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်က အီရန်အား မကြာမီ စစ်ရေးအရ တိုက်ခိုက်လာနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ မှန်းဆချက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေစဉ် အီရန်နှင့် ရုရှား ရေတပ်တို့သည် အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာ မြောက်ပိုင်းတို့တွင် ဖေဖော်ဝါရီ ၁၉ ရက်က ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြသည်။
ထိုစစ်ရေးလေ့ကျင့်မှုအတွင်း အီရန်စစ်တပ်၊ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ရုရှားစစ်တပ်တို့မှ အထူးစစ်ဆင်ရေးတပ်ဖွဲ့များက ပြန်ပေးဆွဲခံရသည့် သင်္ဘောတစ်စင်းအား ကယ်ဆယ်သည့်အသွင် စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့သည်ဟု အီရန်စစ်တပ်၏ ဝက်ဘ်ဆိုက်၌ ဖော်ပြထားသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှု၌ အီရန်၏ အယ်လ်ဗန့် အတန်းစား ဖျက်သင်္ဘော၊ ဒုံးကျည်ပစ်လွှတ်နိုင်သည့် စစ်သင်္ဘောများ၊ ရဟတ်ယာဉ်များ၊ ကမ်းထိုးရေယာဉ်များ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့များ၊ တိုက်ပွဲသုံး အမြန်ရေယာဉ်ငယ်များနှင့် အခြား စစ်လက်နက်ပစ္စည်းများ ပါဝင်ခဲ့ကြောင်း သိရသည်။
IRGC အနေဖြင့် ယခုသီတင်းပတ် အစောပိုင်းက မဟာဗျူဟာအချက်အချာကျသည့် ဟော်မုဇ်ရေလက်ကြားကို ယာယီပိတ်ထားကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် ယခုတစ်ကြိမ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အနေဖြင့် ယင်း၏ နျူကလီးယားအစီအစဉ်နှင့် စပ်လျဉ်း၍ ၁၀ ရက်မှ ၁၅ ရက်အတွင်း သဘောတူညီမှုရယူရန် ဖေဖော်ဝါရီ ၁၉ ရက်က ပြောကြားခဲ့ကာ သဘောတူညီမှု ရယူခြင်းမရှိပါက “အလွန်ဆိုးရွားသော အရာများ” ဖြစ်လာလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။
“အဲဒါက လုံလောက်တဲ့ အချိန်အတိုင်းအတာဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ထရမ့်က အဲဖို့စ်ဝမ်းလေယာဉ်ပေါ်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိနှင့်ပြီးဖြစ်သည့် အမေရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းနှင့် ယင်း၏ အစောင့်လိုက် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောများကို ထပ်မံအားဖြည့်သည့်အနေဖြင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး ယူအက်စ်အက်စ် ဂျရယ်လ် အာရ်ဖို့ဒ်အား ယင်းဒေသသို့ တပ်ဖြန့်စေလွှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လွန်ခဲ့သော သီတင်းပတ်တွင် ညွှန်ကြားခဲ့သည်။
မကြာသေးမီ ရက်ပိုင်းအတွင်း အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန်က လေတပ်နှင့် ရေတပ်အင်အားကို သိသိသာသာ တိုးမြှင့်ဖြန့်ကြက်ထားပြီးနောက် အမေရိကန်စစ်တပ်က အီရန်အား အစောဆုံးအနေဖြင့် ယခုသီတင်းပတ်ကုန်တွင် တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဟု ထိုကိစ္စရပ်အား သိရှိထားသည့် သတင်းရင်းမြစ်များ၏အဆိုကို ကိုးကား၍ CNN သတင်းဌာနက ဖေဖော်ဝါရီ ၁၈ ရက်၌ ဖော်ပြခဲ့သည်။
အခြား အမေရိကန်သတင်းဌာနတစ်ခုဖြစ်သည့် Axios ကလည်း အီရန်နှင့် ဆွေးနွေးမှုများ အောင်မြင်ခဲ့ခြင်းမရှိပါက သီတင်းပတ်အနည်းငယ်အတွင်း အီရန်အား တိုက်ခိုက်ရန် ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်းရှိကြောင်း ထရမ့်၏ အကြံပေးတစ်ဦးက ခန့်မှန်းထားသည်ဟု ဖေဖော်ဝါရီ ၁၇ ရက်၌ ဖော်ပြခဲ့သည်။
အမေရိကန်၏ စစ်ဆင်ရေးမှာ အစ္စရေးနှင့် ပူးတွဲပြုလုပ်ဖွယ်ရှိသော သီတင်းပတ်များနှင့်ချီ ကြာမြင့်နိုင်သည့် အကြီးစား စစ်ဆင်တိုက်ခိုက်မှုလည်း ပါဝင်ဖွယ်ရှိကာ အီရန်၏ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများကို ပစ်မှတ်ထားမည်ဖြစ်သကဲ့သို့ အီရန်ခေါင်းဆောင်ပိုင်းအတွက်လည်း အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်စေမည်ဟု Axios က ဆိုသည်။
ဝေါလ်စထရိဂျာနယ်ကလည်း ထရမ့်အနေဖြင့် နျူကလီးယား သဘောတူညီချက်အတွက် ၎င်း၏ တောင်းဆိုချက်များကို အီရန်ဘက်က လိုက်လျောလာစေရန် အကန့်အသတ်ဖြင့် စစ်ရေးအရ တိုက်ခိုက်မှုတစ်ခုကို ကနဦး လုပ်ဆောင်သွားရန် ချိန်ဆနေသည်ဟု အဆိုပါကိစ္စရပ်အား သိရှိသည့် သတင်းအရင်းအမြစ်ကို ကိုးကား၍ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ဖော်ပြခဲ့သည်။
ခွင့်ပြုချက်ရရှိပါက ရက်ပိုင်းအတွင်း လုပ်ဆောင်ဖွယ်ရှိသည့် ကနဦးတိုက်ခိုက်မှုသည် စစ်တပ် သို့မဟုတ် အစိုးရနှင့်သက်ဆိုင်သည့် နေရာအနည်းငယ်ကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ အီရန်ဘက်က ၎င်း၏ ယူရေနီယမ်သန့်စင်မှုကို ရပ်တန့်ရန် ထရမ့်၏ ညွှန်ကြားချက်ကို ဆက်လက်ငြင်းဆန်နေမည်ဆိုလျှင် အမေရိကန်အနေဖြင့် အီရန်အစိုးရ အဆောက်အအုံများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုပြုလုပ်ကာ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့သည်။
အီရန်နှင့် အမေရိကန်တို့ကြား ဒုတိယအကြိမ် တစ်ဆင့်ခံ နျူကလီးယားအရေး ဆွေးနွေးမှုများမှာ ဂျီနီဗာမြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြီးစီးခဲ့ပြီဖြစ်သည်။ ယခုတစ်ကြိမ် ဆွေးနွေးမှုသည် ပထမအကြိမ်ကထက် ပိုမိုအပြုသဘောဆောင်ခဲ့သည်ဟု အီရန်ဘက်က ပြောဆိုထားကာ အမေရိကန် တာဝန်ရှိသူများကမူ တိုးတက်မှုရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အသေးစိတ်ဆွေးနွေးစရာ အများအပြား ကျန်ရှိနေသည်ဟု ဆိုသည်။ (Xinhua)

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ဒုတိယအကြိမ် အီရန်-အမေရိကန် တစ်ဆင့်ခံ နျူကလီးယားအရေးဆွေးနွေးပွဲ ကျင်းပရာနေရာအပြင်ဘက်၌ ရဲတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားနေသည့် အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………….
(English Version)
Iran, Russia hold joint drill as Trump hints at 15-day deadline
CAIRO, Feb. 19 (Xinhua) — Naval forces of Iran and Russia held a joint drill on Thursday in the Gulf of Oman and the northern Indian Ocean, amid growing speculation about an impending U.S. military strike against Iran.
Special operation teams from Iran’s army, the Islamic Revolution Guards Corps (IRGC), and Russia conducted an operation to liberate a hijacked ship during the exercise, according to a report on the Iranian army’s website.
The drill involved Iran’s Alvand destroyer, missile-launching warships, helicopters, landing craft, special operation teams, and combat speedboats, among others, the report said.
The exercise followed an IRGC drill in the Strait of Hormuz earlier this week, which included a temporary closure of the strategic waterway.
Meanwhile, U.S. President Donald Trump said Thursday that Iran has 10 to 15 days to reach a deal over its nuclear program, warning that otherwise “really bad things” will happen.
“I would think that would be enough time,” Trump told reporters aboard Air Force One.
Last week, Trump ordered the deployment of the USS Gerald R. Ford, the world’s largest aircraft carrier, to the Middle East, reinforcing the USS Abraham Lincoln and its accompanying guided-missile destroyers already in the region.
After a significant buildup of U.S. air and naval assets in the Middle East in recent days, the U.S. military is prepared to strike Iran “as early as this weekend,” CNN reported Wednesday, citing sources familiar with the matter.
Axios, another U.S. news outlet, reported Tuesday that an advisor to Trump estimated a “90 percent chance” of strikes within weeks if nuclear negotiations with Iran fail.
Any U.S. operation could involve a large-scale, weeks-long campaign, potentially conducted jointly with Israel, targeting Iran’s nuclear and missile programs and posing a major threat to Tehran’s leadership, Axios reported.
On Thursday night, The Wall Street Journal, citing sources familiar with the matter, reported that Trump is weighing “an initial limited military strike” on Iran to compel it to meet his demands for a nuclear deal.
“The opening assault, which if authorized could come within days, would target a few military or government sites,” it reported, adding that if Iran “still refused to comply with Trump’s directive to end its nuclear enrichment,” Washington will respond “with a broad campaign against regime facilities.”
Iran and the United States concluded a second round of indirect nuclear talks in Geneva on Tuesday. Iran described the talks as more “constructive” than the first round, while U.S. officials acknowledged progress but said “there are still a lot of details to discuss.”
English Caption 1
This photo taken on Feb. 4, 2026 shows a street view in Tehran, Iran. (Xinhua)
English Caption 2
Police officers are seen outside the site for the second round of indirect nuclear talks between Iran and the United States in Geneva, Switzerland, Feb. 17, 2026. (Xinhua/Shi Song)
English Caption 3
White House Press Secretary Karoline Leavitt speaks during a press briefing at the White House in Washington, D.C., the United States, on Feb. 18, 2026. (Photo by Li Yuanqing/Xinhua)
