International Organizations
ဘရာဇီးအသင်း၏ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ရေး အခွင့်အလမ်းများအပေါ် ရော်နယ်ဒို အကောင်းမြင်လျက်ရှိ
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ဘရာဇီး တိုက်စစ်မှူးဟောင်းဖြစ်သူ ရော်နယ်ဒိုက ၎င်းအနေဖြင့် ယခုနှစ် ဖီဖာကမ္ဘာ့ဖလားတွင် ပြန်လည်အားကောင်းလာသည့် ဘရာဇီးအသင်းကို မြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ကာ အသင်းမန်နေဂျာ ကာလို အန်ဆယ်လော့တီ၏ အပြုသဘောဆောင်သည့် သက်ရောက်မှုများကိုလည်း ချီးကျူးပြောဆိုသွားခဲ့သည်။
ကမ္ဘာ့ဖလား ငါးကြိမ်ဆွတ်ခူးထားသည့် ဘရာဇီးအသင်းမှာ ခြေစစ်ပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းအောက်သို့ ရောက်ရှိနေခဲ့ပြီး ၁၀ သင်းပါဝင်သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်၌ အဆင့်-၅ ဖြင့်သာ အဆုံးသတ်ခဲ့ကာ အုပ်စုဗိုလ်နှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းနှင့် ၁၀ မှတ် ပြတ်ကျန်ရစ်ခဲ့သည်။
သို့ရာတွင် ယမန်နှစ်မေလက ဘရာဇီးနည်းပြအဖြစ် ခန့်အပ်ခံရပြီးနောက် အန်ဆယ်လော့တီမှာ အသင်းအတွက် ယုံကြည်မှုအားအင်သစ်များကို ယူဆောင်လာခဲ့ကြောင်း ရော်နယ်ဒိုက ဆိုသည်။
“ကျွန်တော်ကတော့ တော်တော်လေး ယုံကြည်မှုရှိပါတယ်” ဟု ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆွတ်ခူးထားသည့် ရော်နယ်ဒိုက ပြောသည်။ “ကျွန်တော်တို့ အကြိမ်အနည်းငယ်လောက် ဆုံခဲ့ကြပြီး ကမ္ဘာ့ဖလားကို ခြောက်ကြိမ်မြောက် ရယူနိုင်မယ်ဆိုတာကို လက်ခံယုံကြည်ကြဖို့ ပရိသတ်တွေကို တိုက်တွန်းထားတဲ့ ကြော်ငြာတစ်ပုဒ်ကိုတောင် အပျော်သဘောနဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ ကျွန်တော် သူ့အကြောင်းသိပါတယ်။ သူအလုပ်လုပ်တဲ့ပုံစံကိုလည်း သိနေတာမို့ သူ ရောက်မလာခင်ကထက် ဘရာဇီးအသင်းကို အများကြီးပိုပြီး အားရမိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲအား အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဘရာဇီးအသင်းက အုပ်စု-C အဖွင့်ပွဲစဉ်အဖြစ် ဇွန် ၁၃ ရက်တွင် မော်ရိုကိုအသင်းနှင့်လည်းကောင်း၊ ဇွန် ၁၉ ရက်တွင် ဟေတီအသင်းနှင့်လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် စကော့တလန်အသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ဘရာဇီးအသင်း နောက်ဆုံးအကြိမ် ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲ၌ ဂျာမနီအသင်းအား သွင်းယူခဲ့သည့် သွင်းဂိုး ၂ ဂိုး အပါအဝင် စုစုပေါင်း ၈ ဂိုးသွင်းယူခဲ့သည့် ရော်နယ်ဒိုက ယခုပြိုင်ပွဲမှာ ဘရာဇီးတစ်နိုင်ငံလုံးကို စည်းလုံးညီညွတ်စေမည်ဟု ဆိုသည်။
“ကမ္ဘာ့ဖလားဟာ ဘရာဇီးနိုင်ငံသား တစ်ယောက်အဖို့ အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ” ဟု ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ဟောင်းက ပြောသည်။ “ဒီပြိုင်ပွဲဟာ ခြောက်ကြိမ်မြောက် ဆုဖလားကိုရယူချင်တဲ့ ဘရာဇီးနိုင်ငံသားတွေကို ညီညီညွတ်ညွတ်ရှိစေမှာပါ။ ကျွန်တော်တို့ အဲဒီအခွင့်အရေးကို အသုံးချသင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဆက်လက်၍ ရော်နယ်ဒိုက ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ဘရာဇီးကလပ် ခရူဇီရိုနှင့် စပိန်ကလပ် ဗယ်လာဒိုးလစ်တို့တွင် ၎င်းပိုင်ဆိုင်ထားသည့် ရှယ်ယာအများစုကို အသီးသီးရောင်းချခဲ့ပြီးနောက် ဘောလုံးအသင်းပိုင်ရှင်အဖြစ်မှ ခြေတစ်လှမ်းပြန်ဆုတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရော်နယ်ဒိုက ဆိုသည်။
“ဘောလုံးအသင်းတွေနဲ့ ပတ်သက်တဲ့ ပရောဂျက်တွေအတွက် ကျွန်တော့်မှာ ငွေရေးကြေးရေးပိုင်းအရ ရည်မှန်းထားတာမျိုး မရှိပါဘူး” ဟု အသက် ၄၉ နှစ်အရွယ် ရော်နယ်ဒိုက ပြောသည်။ “ကျွန်တော်ကိုယ်တိုင် တာဝန်ယူကြီးကြပ်တဲ့ ကိုယ်ပိုင်ပရောဂျက်တစ်ခုကို ဦးဆောင်ရတဲ့ အတွေ့အကြုံကို လိုချင်ခဲ့ပြီး အဲဒါက သိပ်ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီအသင်းတွေ ဒီထက်ပိုပြီးတိုးတက်လာဖို့ဆိုရင် ကျွန်တော် နောက်တစ်လှမ်းပြန်ဆုတ်ပေးဖို့ လိုတယ်ဆိုတာ သိလိုက်ရတဲ့ အခိုက်အတန့်မှာပဲ အဲဒီနှစ်သင်းစလုံးမှာရှိတဲ့ ရှယ်ယာတွေကို ပြန်ရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ထုတ်ဖော်ပြောဆိုခဲ့သည်။
ယခုအခါ ၎င်းအနေဖြင့် ရေလှိုင်းတု ရေကူးကန်များ ပါဝင်သည့် အားကစားအဆောက်အအုံသစ်များကို ဆော်ပေါ်လို၌ ဖွင့်လှစ်ခြင်းကဲ့သို့ ပိုမိုသေးငယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် အာရုံစိုက်လျက်ရှိသည်။
“ကျွန်တော် အဲဒီဘောလုံးအသင်းနှစ်သင်းကို ရောင်းချခဲ့တုန်းက ဘောလုံးအားကစားနယ်ပယ်ထက် ပိုပြိးတည်ငြိမ်တဲ့ အရာတွေကို အချိန်ကာလတစ်ခုလောက် လုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ရော်နယ်ဒိုက ဆိုသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ကနေဒီစင်တာ၌ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မဲခွဲပွဲမတိုင်မီ ကော်ဇောနီပေါ်၌ အမှတ်တရဓာတ်ပုံရိုက်နေသည့် ဘရာဇီး ဘောလုံးသမားဟောင်းများဖြစ်သည့် ကာကာ (ဝဲ) နှင့် ရော်နယ်ဒို နာဇာရီယိုတို့အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်ရှိ မက်ထ်လိုက်ဖ် အားကစားကွင်း၌ ပြင်သစ်ကလပ် ပီအက်စ်ဂျီနှင့် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅ ဖီဖာကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ဘရာဇီးဘောလုံးသမားဟောင်း ရော်နယ်ဒိုအား တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
Ronaldo upbeat on Brazil World Cup chances
RIO DE JANEIRO, Feb. 4 (Xinhua) — Former striker Ronaldo said he is hopeful of seeing a reinvigorated Brazil at this year’s FIFA World Cup, praising the positive influence of manager Carlo Ancelotti.
Five-time World Cup winner Brazil was below its best in the qualifiers, finishing fifth in the 10-team South American group, 10 points behind leader and reigning champion Argentina.
But Ronaldo said Ancelotti had brought newfound confidence to the national squad since his appointment last May.
“I am very optimistic,” the two-time World Cup winner told reporters. “We’ve caught up a few times and even filmed a fun commercial calling on Brazilian fans to believe in the sixth title. I know him, I know the way he works, so I am much more enthusiastic than I was before he joined the national team.”
The World Cup will be played from June 11 to July 19 in the United States, Mexico and Canada. Brazil will begin its Group C campaign against Morocco on June 13 before facing Haiti on June 19 and Scotland on June 24.
Ronaldo, who led Brazil to its last World Cup triumph in 2002 when he scored eight goals, including two in the final against Germany, said the tournament would unite the country.
“It [the World Cup] is the greatest joy a Brazilian can have,” the former Barcelona and Real Madrid star said. “It is an event that will bring Brazilians together in pursuit of our sixth title. I think we have to take advantage of that chance.”
Ronaldo said he had decided to take a step back from football club ownership after selling his majority stakes in Brazil’s Cruzeiro and Spain’s Valladolid in 2024 and 2025, respectively.
“I did not have a financial goal with the projects involving football teams,” the 49-year-old said. “I wanted to have the experience of leading a project of my own, with me in charge, and it was wonderful. But once I understood that for the clubs to keep growing I needed to take a step back, that was the moment I made the decision to sell both stakes.”
He is now focusing on smaller business ventures, such as plans for a new sports complex in Sao Paulo featuring artificial wave pools.
“When I sold those two teams, I decided that for a while I want things that are calmer than the football industry,” he said.
English Caption 1
Brazilian former player Ronaldo Nazario and FIFA President Gianni Infantino converse during the unveiling of the match schedule for the FIFA World Cup 2026 in Washington, D.C., the United States, on Dec. 6, 2025. (Xinhua/Jia Haocheng)
English Caption 2
Former Brazilian footballers Kaka (L) and Ronaldo Nazario arrive on the red carpet ahead of the FIFA World Cup 2026 Final Draw at the Kennedy Center in Washington D.C., the United States, Dec. 5, 2025. (Xinhua/Jia Haocheng)
English Caption 3
Former Brazilian football player Ronaldo gestures before the semifinal match between Paris Saint-Germain (France) and Real Madrid (Spain) at the FIFA Club World Cup 2025 at the MetLife Stadium, New Jersey, the United States, July 9, 2025. (Xinhua/Li Ming)
