North America
ချီလီက အာဂျင်တီးနားအား ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ယူပြီး ကိုပါဖလား ဆွတ်ခူး
နယူးဂျာစီ ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
အာဂျင်တီးနား အသင်းခေါင်းဆောင် လီယိုနယ်မက်ဆီ ၏ ပင်နယ်တီ ကန်သွင်းမှု လွဲချော်ခြင်း နှင့်အတူ ဇွန်လ ၂၆ ရက်က ကျင်းပသည့် ကိုပါ အမေရိကဖလား ဗိုလ်လုပွဲ၌ ချီလီအသင်းသည် အာဂျင်တီးနား အသင်းအား ပင်နယ်တီ အဆုံးအဖြတ် ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ယူပြီး ဗိုလ်စွဲခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ၂ဝ၁၅ ခုနှစ်က ကိုပါ ဖလားဗိုလ်လုပွဲ၌ ၎င်းတို့နှစ်သင်း ဆုံတွေ့ခဲ့ပြီး ယင်းပွဲစဉ်တွင်လည်း ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ချီလီအသင်း အနိုင်ရ ဗိုလ်စွဲခဲ့သည်။ ၂ဝ၁၆ ခုနှစ် ကိုပါ အမေရိက ဖလား ဗိုလ်လုပွဲ၏ ပွဲကစားချိန် မိနစ် ၉ဝ အတွင်း နှစ်သင်းစလုံး ဂိုးသွင်းနိုင်ခြင်း မရှိဘဲ သရေပွဲဖြင့် အဆုံးသတ်ခဲ့သည်။ ထို့ပြင် အချိန်ပို မိနစ် ၃ဝ တွင်လည်း ဂိုးသွင်းနိုင်ခြင်း မရှိခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ်ထိ ယှဉ်ပြိုင်ခဲ့ရသည်။
ချီလီ ကစားသမား ဗီဒဲလ်၏ ဗွေဆော်ဦး ပင်နယ်တီ ကန်သွင်းမှုကို အာဂျင်တီးနား ဂိုး သမား ဆာဂျီယို ရိုမီယို က ကာကွယ်နိုင်ခဲ့သလို အာဂျင်တီးနား ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ၏ ပထမဦးဆုံး ပင်နယ်တီ ကန်သွင်းမှုမှာ ဂိုးမဝင်ဘဲ လွဲချော်ခဲ့သဖြင့် ပင်နယ်တီ ကန်သွင်းမှုမှာ စိတ်လှုပ်ရှားစရာ အမြင့်ဆုံး ဖြစ်ခဲ့ရသည်။
နောက်ပိုင်း ပင်နယ်တီ ကန်သွင်းမှုများတွင် ချီလီဂိုးသမား ကလော်ဒီယိုဘရာဗိုသည် အာဂျင်တီးနား ကစားသမား လူးကပ်ဘစ်လီယာ နှင့် ဖရန်စစ်စကို ဆေးဗားတို့နှစ်ဦး ၏ ပင်နယ်တီ ကန်သွင်းမှုကို ကာကွယ်နိုင်ခဲ့ သဖြင့် ချီလီအသင်းသည် အာဂျင်တီးနား အသင်းအား ပင်နယ်တီ အဆုံးအဖြတ် ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ယူ၍ ကိုပါ အမေရိက ဖလားအား နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲသည့် အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။
“ လူအတော်များများက ကျနော်တို့အသင်းဟာ ရေပန်းမစားဘူးလို့ပြောကြတယ်။ ၂ဝ၁၅ ခုနှစ်က ဗိုလ်စွဲတာလည်း တကယ်ကံကောင်းလို့ဆိုပြီး လူတွေက ပြောကြတယ်။ ဒါပေမယ့် ကျနော်တို့ဟာ တကယ် အစွမ်းအစရှိပြီး အရမ်းကြိုးစားလို့အနိုင်ယူခဲ့တယ်ကို ပြသနိုင်ခဲ့ပါပြီ။ အနာဂတ်မှာလည်း အောင်မြင်မှုတွေကို ပိုပြီးယူဆောင်နိုင်မှာပါ ” ဟု ချီလီကွင်းလယ် ကစားသမား ဗီဒဲလ်က ပွဲအပြီး တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။
အာဂျင်တီးနား အသင်းသည် ကိုပါအမေရိက ဖလားကို ၁၉၉၃ ခုနှစ်တွင် နောက်ဆုံးအကြိမ် အဖြစ် ဗိုလ်စွဲထားသည်။ ယခုပြိုင်ပွဲ ရှုံးနိမ့်ခြင်းကြောင့် နွေရာသီကာလ အတွင်း အဓိက ဆုဖလားတစ်ခု လက်လွှတ် ဆုံးရှုံးခဲ့ရပြီ ဖြစ်သည်။ အာဂျင်တီးနား အသင်းသည် ၂ဝ၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲ၌ ပွဲကစားချိန် မိနစ် ၉၀ အလွန် အချိန်ပိုတွင် ရှုံးနိမ့်ပြီး ချန်ပီယံဖြစ်ခွင့် ဆုံးရှုံးခဲ့ရသည်။ တစ်ဆက်တည်းမှာပင် ၂ဝ၁၅ ခုနှစ် ၊ ၂ဝ၁၆ ခုနှစ် ကိုပါ အမေရိက ဖလားပြိုင်ပွဲများတွင် ဗိုလ်လုပွဲထိ တက်လှမ်း နိုင်ခဲ့သော်လည်း ချီလီအသင်းအား နှစ်ကြိမ်စလုံး ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့၍ ချန်ပီယံ ဖြစ်ခွင့် မရခဲ့ပေ။
အဆိုပါ ပြိုင်ပွဲ အသီးသီးတွင် အာဂျင်တီးနား ကစားသမား မက်ဆီသည် အထူး ခြေစွမ်းပြခဲ့သော်လည်း ၎င်းသည် နိုင်ငံအသင်း အတွက် ဆုဖလား တစ်ကြိမ်မှ ရယူပေးနိုင်ခြင်း မရှိဘဲ ဖလားလက်မဲ့ အဖြစ်သာ အဆုံးသတ်ခဲ့ရကြောင်း သိရသည်။ (Xinhua)