Connect with us

North America

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ပါဝင်စွက်ဖက်ခြင်းမရှိကြောင်း ရုရှားငြင်းဆို

အမေရိကန်သမ္မတလောင်း ဟီလာရီ နှင့် ဒေါ်နယ်ထရမ့်တို့ နှစ်ဦးစကားစစ်ထိုးပွဲပြုလုပ်နေစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ အစိုးရအဖွဲ့က အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ပါဝင်စွက်ဖက်နေသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ရုရှားအစိုးရအနေဖြင့် အမေရိကန်ရွေးကောက်ပွဲတွင် ပါဝင်စွက်ဖက်ရန်ကြံစည်ထားခြင်းမရှိသလို စွက်ဖက်ပိုင်ခွင့်လည်း မရှိကြောင်း ပြောကြားလိုက်သည်။

ရုရှားအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲသည် “ အမေရိကန်နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စတွေပါ။ ပြီးတော့ အဲဒီမှာ ပြဿနာတွေလည်း အများကြီးရှိနေပါတယ်” ဟု နိုဝင်ဘာလ ၇ ရက် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီ နှင့် ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်းဒေါ်နယ်ထရမ့် တို့အကြား ရုရှားနိုင်ငံက ရှုပ်ထွေးမှုဖြစ်ပေါ်အောင်ပြုလုပ်နေကြောင်း အမေရိကန်ဖက်ကစွပ်စွဲထားသည်။

အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲကို ရုရှားနိုင်ငံက ဝင်ရောက်လွှမ်းမိုးနိုင်ရန်ကြိုးပမ်းနေခြင်းမှာ “ ဖြစ်နိုင်ခြေ” ရှိကြောင်း အမေရိကန်ဒီမိုကရက်တစ်အမျိုးသားကော်မတီ အီးမေလ်းများ ပေါက်ကြားမှုနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံမှ ဟက်ကာများကို အမေရိကန်နိုင်ငံရေးသမားအချို့ပြစ်တင်ခဲ့ပြီးနောက် အမေရိကန်သမ္မတအိုဘားမားက ဇူလိုင်လတွင် စွပ်စွဲပြောကြားခဲ့သည်။

ပြီးခဲ့သော အောက်တိုဘာလက အမေရိကန်ထောက်လှမ်းရေး နှင့် လုံခြုံရေးအေဂျင်စီများသည် အမေရိကန်နိုင်ငံ၏ နိုင်ငံရေးအဖွဲ့အစည်းများကို တိုက်ရိုက်တိုက်ခိုက်မှုများပြုလုပ်နေသည့် ရုရှားနိုင်ငံကို ပြစ်တင်ပြောကြားခဲ့ပြီး အဆိုပါပြောဆိုချက်ကို ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က နောက်ပိုင်းတွင် ငြင်းဆိုခဲ့သည်။

အဆိုပါ စွပ်စွဲမှုများသည် အမေရိကန်နိုင်ငံရွေးကောက်ပွဲဆိုင်ရာ ဖြစ်ရပ်မှန်ကိစ္စများကို ပြည်သူ များစိတ်ဝင်စားမှု လျော့ပါး အောင်ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတဗလာတီမာ ပူတင်က တုံ့ပြန်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.