North America
အမေရိကန် စစ်ဘက် ထိပ်တန်း အရာရှိ နှစ်ဦး အမည်စာရင်း ထရမ့်က ပြန်လည်တင်သွင်းဟု ပင်တဂွန် ပြောကြား

ဝါရှင်တန်၊ မေ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌအဖြစ် မရိန်းတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဒမ်ဖို့ (Joseph Dunford) အား လည်းကောင်း၊ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် လေတပ် ဗိုလ်ချုပ်ကြီး ပေါလ်ဆဲလ်ဗာ (Paul Selva) အား လည်းကောင်း သမ္မတ ဒေါ်နယ်ထရမ့်က အမည်စာရင်းများ ပြန်လည် တင်သွင်းခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က မေလ ၁၉ ရက်က ပြောကြားလိုက်သည်။
အဆိုပါ ဗိုလ်ချုပ်ကြီး နှစ်ဦးလုံးမှာ နှစ်နှစ်သက်တမ်း တာဝန် ထမ်းဆောင်ခဲ့ပြီးသူများ ဖြစ်သော်လည်း လွှတ်တော်၌ ၎င်းတို့၏ အမည်များကို ပြန်လည် အတည်ပြုခဲ့ကြောင်း ပင်တဂွန် ထုတ်ပြန်ချက်အရ သိရသည်။
အမည်စာရင်းတင်သွင်းခံရသူ ဒမ်ဖို့က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၁၄ ခုနှစ် သြဂုတ်လအထိ အာဖဂန်နစ္စတန်နိုင်ငံတွင် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်းအဖွဲ့နှင့် အမေရိကန် တပ်ဖွဲ့များအား ဦးဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းသည် ဥက္ကဋ္ဌ တာဝန်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
ဆဲလ်ဗာကမူ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့၏ ၁၀ ဦးမြောက် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ပြီး ဒမ်ဖို့နှင့် အချိန်ကာလတူ အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသူ ဖြစ်သည်။ ၎င်းသည် ယခင်က စစ်တပ် သယ်ယူပို့ဆောင်ရေးဌာနချုပ် ခေါင်းဆောင်အဖြစ် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဥက္ကဋ္ဌအတွက် အကူအညီပေးခြင်းနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်အတွက် စစ်ရေး အကြံပေး တစ်ဦးလည်း ဖြစ်သည်။
အမေရိကန် ဥပဒေအရ ပူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌသည် စစ်သားများအား အမိန့်ပေး ညွှန်ကြားရခြင်း မဟုတ်ဘဲ သမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးတို့အတွက် အဆင့်မြင့် စစ်ရေး အကြံပေးရသူ ဖြစ်ကြောင်း သိရသည်။ (Xinhua)