North America
ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် နေအိမ်ပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ လေယာဉ်မှူးသေဆုံး
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း Upland မြို့တွင် နိုဝင်ဘာ ၇ ရက်က နေအိမ်တစ်လုံးပေါ်သို့ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ပြီးနောက် လေယာဉ်မှူး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
လေယာဉ်ပျက်ကျမှုကြောင့် ခေါင်မိုးတစ်လျှောက်မီးလောင်ခဲ့သော နေအိမ်သို့ မီးသတ်သမားများ ချက်ချင်းရောက်ရှိသွားခဲ့ကြောင်း San Bernardino နယ်မြေ မီးသတ်ဌာနက ပြောခဲ့သည်။
အဆိုပါ လေယာဉ်ငယ်သည် Upland မြို့ရှိ Cable လေဆိပ်မှ ပျံသန်းထွက်ခွာခဲ့ပြီး နံနက်ပိုင်းတွင် နေအိမ်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ လေယာဉ်မှာ အနိမ့်ပျံသန်းခဲ့ကြောင်း၊ ကောင်းကင်မှထိုးမကျမီ ရုတ်တရက် U ပုံသဏ္ဍာန်ချိုးကွေ့ခဲ့ကြောင်း သိရသည်။ လေယာဉ်ပျက်ကျခဲ့သည့် နေအိမ်အတွင်း၌ အမျိုးသားတစ်ဦးနှင့် ၎င်း၏သားတို့မှာလည်း ထိခိုက်ခြင်းမရှိဘဲ လွတ်မြောက်ခဲ့ကြောင်း KTLA 5 TV ရုပ်သံသတင်းဌာန ဖော်ပြချက်အရ သိရသည်။
ပျက်ကျခဲ့သည့် လေယာဉ်သည် အင်ဂျင်တစ်လုံးတပ် Cirrus SR-22 လေယာဉ်ဖြစ်သည်။
လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းအား မသိရှိရသေးဘဲ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ဆိုသည်။ (Xinhua)