Connect with us

North America

အမေရိကန်မိသားစုဝင် ၉ ဦး မက္ကဆီကိုနိုင်ငံ၌ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံရ

မက္ကဆီကိုနိုင်ငံ၌ အသတ်ခံရသော အမေရိကန်မိသားစုဝင်အချို့အားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မက္ကဆီကိုစီးတီး ၊  နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

မိခင်သုံးဦး နှင့် ရင်သွေးငယ်ခြောက်ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၉ ဦးပါဝင်သော အမေရိကန်မိသားစုတစ်ခုသည် မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း၌ မူးယစ်ဂိုဏ်းတစ်ခုမှ အဖွဲ့ဝင်များဟု သံသယရှိသူများ၏ ခြုံခိုလုပ်ကြံသတ်ဖြတ်ခံခဲ့ရကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ၅ရက်တွင် ပြောကြားခဲ့သည်။

အသတ်ခံရသူအားလုံးသည် ခရစ်ယာန်ဘာသာဝင်မိသားစုတစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံ မြောက်ပိုင်း Chihuahua ပြည်နယ်တွင် နေထိုင်ကြသူများဖြစ်ကြောင်း ၊ သို့သော် ၎င်းတို့သည် အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း နှင့် နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းတွင် Chihuahua ပြည်နယ် နှင့် Sorona ပြည်နယ်ကြား မော်တော်ယာဉ်နှစ်စင်းဖြင့် သွားလာနေစဉ် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီမိသားစုဟာ ဒီဒေသကိုထိန်းချုပ်ဖို့ အပြန်အလှန်တိုက်ခိုက်နေကြတဲ့ ရာဇဝတ်ဂိုဏ်းတွေအကြား လူမှားပြီး လုပ်ကြံခံလိုက်ရတာမျိုးဖြစ်ပါလိမ့်မယ်” ဟု မက္ကဆီကိုနိုင်ငံသမ္မတ Lopez Obrador က နေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အဆိုပါ မိသားစုဝင်များသည် သေနတ်ကျည်ထိမှန်၍ သေဆုံးရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ကားများကို မီးရှို့ဖျက်ဆီးသွားကြောင်း နှင့်  တိုက်ခိုက်မှုအတွင်း အခြားကလေးငယ် ၆ ဦးလည်း ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Alfonso Durazo က သတင်းစာရှင်းလင်းပွဲ၌ “ စုံစမ်းစစ်ဆေးမှုကို အပူးတပြင်းလုပ်ဆောင်နေပါတယ်” ဟု ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားသော နယ်မြေတွင် ပစိဖိတ်မူးယစ်ဂိုဏ်းနှင့် ဆက်နွယ်မှုရှိသည့် အဖွဲ့တစ်ခုက လှုပ်ရှားနေကြောင်း ဝန်ကြီးကဆိုသည်။

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က မက္ကဆီကိုနိုင်ငံ၏ မူးယစ်မှောင်ခိုဂိုဏ်းများအား နှိမ်နင်းရာတွင် အကူအညီပေးရန် ကမ်းလှမ်းထားသည်။ “ ကမာ္ဘပေါ်ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးပြဿနာနဲ့ မူးယစ်ဂိုဏ်းတွေကို စစ်ဆင်နွှဲဖို့ အမေရိကန်ရဲ့ ကူညီဖေးမမှုနဲ့အတူ မက္ကဆီကို အတွက် ဒါဟာ အချိန်အခါကောင်းပါပဲ ။ မက္ကဆီကို သမ္မတသစ်ဆီကနေ ဖုန်းခေါ်ဆိုလာမယ့်အချိန်ကို ကျနော်တို့ စောင့်မျှော်နေပါတယ် ” ဟု ထရမ့်က ၎င်း၏ တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။

မက္ကဆီကိုသမ္မတ Lopez Obrador က အမေရိကန်၏ ကမ်းလှမ်းမှုအတွက် ဂုဏ်ပြုပါကြောင်း သို့သော် လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ “ ဒါဟာကျွန်တော်တို့အတွက် ကိစ္စရပ်တစ်ခုပါ ။ မက္ကဆီကို အစိုးရရဲ့အလုပ်ပါ။ အဲဒါကို လွတ်လွတ်လပ်လပ်ပဲ ဆောင်ရွက်သွားမှာပါ” ဟု၎င်းက ဆိုသည်။

မကြာမီက လူအစုလိုက်အပြုံလိုက် အသတ်ခံရမှုများနောက်ပိုင်း သမ္မတ Lopez  ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း နှင့် ပညာရေး မြှင့်တင်ခြင်းတို့ ဖြင့် ရာဇဝတ်မှုများကို ရှင်းလင်းရန် ရေရှည် ချဉ်းကပ်မှု ပုံစံမှာ ဝေဖန်တိုက်ခိုက်မှုများ ခံခဲ့ရပြီး အချို့က ပိုမိုပြင်းထန်သော ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြကြောင်း သိရသည်။(Xinhua)