North America
သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ် တွေ့ရှိသောကြောင့် အိမ်ဖြူတော်ကို တစ်စိတ်တစ်ပိုင်း ပိတ်ထားခဲ့ရ
ဝါရှင်တန်၊ မေ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံတွင် မေလ ၃ဝ ရက်က သမ္မတ အိမ်ဖြူတော်ဝင်း အတွင်းသို့ ဝင်းအပြင်ဖက်မှ နေ၍ ခြံစည်းရိုး အပေါ်မှကျော်ကာ သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ် ပစ်သွင်းလာခဲ့ခြင်းကြောင့် အိမ်ဖြူတော် မြောက်ဖက်ခြမ်း မြက်ခင်းပြင်နေရာကို ပိတ်ထားလိုက်ကြောင်း ပြည်တွင်း မီဒီယာများက သတင်းရေးသား ဖော်ပြခဲ့သည်။
အဆိုပါ မြက်ခင်းပြင်ပေါ်သို့ ကျလာသည့် သံသယဖြစ်ဖွယ် အထုပ်ကို ရဲအရာရှိနှစ်ဦးက စစ်ဆေးနေကြောင်း နှင့် စစ်ဆေးရေးပစ္စည်းတင် ယာဉ်များ ၊ မီးသတ်သမားများ နှင့် အရေးပေါ်လူနာတင် ယာဉ်များကို အခင်းဖြစ်နေရာ အနီးတစ်ဝိုက်တွင် တွေ့ရှိရကြောင်း သတင်းများက ဆိုသည်။
အိမ်ဖြူတော်အတွင်း ရောက်ရှိနေသော သတင်းသမားများကို အတွင်း၌သာ ဆက်လက် နေထိုင်ကြရန်နှင့် အပြင်ထွက်ရန် လိုအပ်သူများကို လုံခြုံရေး အစောင့်အရှောက်များဖြင့် အခြားဂိတ်ပေါက်များမှ တဆင့် အပြင်သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်သမ္မတ အိုဘားမားသည် အယ်လင်တန် အမျိုးသားသင်္ချိုင်းတွင် ပြုလုပ်သော အောင့်မေ့ဖွယ်နေ့ နှစ်ပတ်လည် အခမ်းအနား တက်ရောက်ပြီး အိမ်ဖြူတော်သို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့် ပြန်လည် ရောက်ရှိလာစဉ် အဆိုပါကိစ္စ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အိမ်ဖြူတော် ဝင်းအတွင်းသို့အထုပ်ပစ်သွင်းသူကို လုံခြုံရေးကင်မရာမှတဆင့် တွေ့ရှိခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သော မေလ ၂ဝ ရက်ကလည်း အိမ်ဖြူတော် အဓိကစစ်ဆေးရေးဂိတ် အနီးတွင် သေနတ် ပစ်ဖောက်မှု ဖြစ်ပွားခဲ့သဖြင့် အိမ်ဖြူတော် ဝင်ပေါက်များကို တစ်နာရီခန့် ပိတ်ထားခဲ့ရကြောင်း သိရသည်။ (Xinhua)