North America
အမေရိကန်နိုင်ငံ အစိုးရယန္တရားများ ရပ်ဆိုင်းမှု အဆုံးသတ်နိုင်ရန် အထက်လွှတ်တော်၌ ဇန်နဝါရီလ ၂၂ ရက်တွင် ဆန္ဒမဲပေးကြမည်

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၏ အစိုးရယန္တရားများ ရပ်ဆိုင်းမှုအား အဆုံးသတ်စေမည့် သဘောတူညီမှုတစ်ခုအား အထက်လွှတ်တော်တွင် ဇန်နဝါရီလ ၂၂ ရက်၌ ဆန္ဒမဲပေးကြမည် ဖြစ်ကြောင်း အထက်လွှတ်တော် အမတ် အများစု ခေါင်းဆောင် မိုက် မက်ကော်နယ် (Mitch McConnell) က ဇန်နဝါရီလ ၂၁ ရက်ညပိုင်းတွင် ပြောကြားလိုက်သည်။
အစိုးရယန္တရားများ ဖေဖော်ဝါရီလ ၈ ရက်တွင်အပြီးသတ် ပြန်လည်လည်ပတ်နိုင်ရန် သဘောတူညီချက် တစ်ခုအား ဇန်နဝါရီလ ၂၂ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဆန္ဒမဲပေးကြမည် ဖြစ်သည်။
“အစိုးရယန္တရားများ ပြန်လည်ပတ်ပြီဆိုပါက DACA ၊ နယ်စပ်လုံခြုံရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်များဆိုင်ရာ ဥပဒေပြဋ္ဌာန်းမှုတွေ ဆက်ပြီးလုပ်နိုင်မှာပါ” ဟု ဒီမိုကရက်များ အဓိကတောင်းဆိုထားသော ရွှေ့ပြောင်းလာသူတွေကို ပြည်နှင်ဒဏ်ပေးခြင်းကို ကာကွယ်ထားပေးသော အစီအစဉ် (Deferred Action for Childhood Arrivals) အား ရည်ညွှန်းကာ မက်ကော်နယ်က အထက်လွှတ်တော်၌ ပြောကြားခဲ့သည်။
အစိုးရယန္တရား ရပ်ဆိုင်းခြင်း၏ သက်ရောက်မှုသည် အစိုးရရုံးများနှင့် ငွေကြေးဈေးကွက်များ ဖွင့်လှစ်မည့် ဇန်နဝါရီလ ၂၂ ရက်တွင် ပိုမိုမြင်သာလာမည်ဖြစ်ပြီး သိပ်အရေးမကြီးလှသော အစိုးရဝန်ထမ်း ထောင်ပေါင်းများစွာလည်း အလုပ်မှ ခွင့််အဖြစ် နားနေရမည် ဖြစ်သည်။
အစိုးရယန္တရား ရပ်တန့်မှု နောက်ဆုံးဖြစ်ခဲ့သည်မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပြီး ၁၆ ရက် ကြာမြင့်ခဲ့ကာ အစိုးရဝန်ထမ်း ၈၅၀,၀၀၀ ခန့် အလုပ်မှ ခွင့်ရက်များအဖြစ် ရရှိခဲ့ကြောင်း သိရသည်။
ဘတ်ဂျက်အသစ်ရေးဆွဲရေးအတွက် အထက်လွှတ်တော်၌ ရှုံးနိမ့်ခဲ့သဖြင့် လက်ရှိ အစိုးရ ဘတ်ဂျက်သည် ဇန်နဝါရီလ ၁၉ ရက်ညသန်းခေါင်ယံတွင် သက်တမ်းကုန်ဆုံးသွားသော်လည်း အစိုးရ လုပ်ငန်းတချို့ လတ်တလော လည်ပတ်နိုင်ရန် ဖေဖော်ဝါရီလ ၁၆ ရက်အထိ သီတင်းပတ် သုံးပတ်တာ ရန်ပုံငွေဖြည့်တင်းရေး သဘောတူညီချက်အား အောက်လွှတ်တော်က ခွင့်ပြုခဲ့သည်။ (Xinhua)